ရှမ်းတောင် ရွာငံတွင် ရိုက်နှက်ဖမ်းဆီးခံရသည့် ကလေးနှစ်ဦး အဆက်အသွယ်ပြတ်နေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ ရွာငံမြို့နယ် အလယ်ချောင်းကျေးရွာအနီးတွင် ကလေးနှစ်ဦး ရိုက်နှက်ဖမ်းဆီးခံခဲ့ရပြီး ယနေ့အချိန်ထိ မိသားစုဝင်များနှင့် အဆက်အသွယ် မရသေးဘူးဟု မိသားစုဝင် များနှင့် နီးစပ်သည့် ရွာခံများက ပြောသည်။

ရွာငံမြို့နယ်၊ အလယ်ချောင်းကျေးရွာရှိ လမ်းမကြီးအတိုင်း မြေနီကုန်းကျေးရွာဘက်သို့ ဆိုင်ကယ် မောင်းနှင် လာစဉ် စစ်ကောင်စီတပ်များက တားဆီးပြီး ရိုက်နှက်ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်ဟု မျက်မြင်ကြုံတွေ့ခဲ့ရသော ရွာခံပြည်သူအချို့က ပြောသည်။

“အဲဒီလမ်းပေါ်မှာ စစ်ဆေးရေးဂိတ် မရှိဘူး။ သူတို့မောင်းလာတာကို ဘာသတင်းရလဲ မသိဘူး။ နှစ်ဖက်ပိတ် ဖမ်းပြီး ရိုက်ခေါ်သွားတာ။ အခုချိန်ထိတော့ နောက်ဆက်တွဲ ဘာမှ မကြားရသေးဘူး” ဟု မျက်မြင်ကြုံ တွေ့ခဲ့ ရသော အသက် ၃၂ နှစ်အရွယ် အလယ်ချောင်းရွာခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုကလေးငယ် ၂ ဦးမှာ နိုဝင်ဘာလ ၁၆ ရက်နေ့၊ နံနက် ၆ နာရီကျော် အချိန်ခန့်တွင် ဖမ်းဆီး ခံရခြင်းဖြစ်ပြီး ယနေ့ အထိ မိသားစုဝင်များနှင့် အဆက်အသွယ် မရသေးဘူးဆိုသည်။

ဖမ်းဆီးခံရသူ ကလေးငယ်နှစ်ဦးမှာ အသက် ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် အသက် ၁၃ နှစ်အရွယ် အမျိုး သားတစ်ဦးဖြစ်ပြီး အလယ်ချောင်းကျေးရွာတွင် နေထိုင်ကြသူများ ဖြစ်သည်။ ထို့အပြင် ၎င်းတို့နှစ်ဦးမှာ မောင် နှမတစ်ဝမ်းကွဲ တော်စပ်ပြီး လက်နက်များနှင့်အတူ ဖမ်းဆီးရမိသည်ဟု ရွာခံအချို့ က ပြောသည်။

“ရွာငံမြို့မရဲစခန်းမှာ မရှိတာနဲ့ သူ့အိမ်က တောင်လေးလုံးကို လိုက်သွားတယ်။ အဲဒီမှာလည်း မရှိဘူးတဲ့။ စစ် ကြောရေး ပို့လိုက်ပြီလို့တော့ ပြောတာပဲ။ ဖမ်းတာက ဖမ်းတာပေါ့။ သေလား ရှင်လား သိရရင် မိသားစုက ရင် အေးရတာပေါ့။ အခုတော့ ဘယ်ကိုလိုက်ရမယ်မှန်းတောင် မသိတော့ဘူး” ဟု ၎င်းတို့ ၂ဦးနှင့် ဆွေမျိုးနီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

ယခုဖမ်းဆီးခံရသည့် ကိစ္စနှင့် စပ်လျဉ်း၍ ရွာငံမြို့နယ်တွင်း စစ်ရေးလှုပ်ရှားနေသော ပြောက်ကျား တပ်ဖွဲ့ဝင်များ အား မေးမြန်းရာတွင်လည်း ၎င်းတို့နှင့် ပတ်သက်မှုမရှိဘူးဟု ပြောသည်။

“လက်နက်နဲ့ ဖမ်းမိတယ်လို့ ပြောတာပဲ။ ကျနော်တို့အဖွဲ့တော့ မဟုတ်ဘူး။ တခြားအဖွဲ့လည်း မဟုတ်ဘူး။ အကုန်လုံးက မဟာမိတ်တွေဆိုတော့ ဘယ်အဖွဲ့က ရဲဘော်ဖြစ်ဖြစ် ကျနော်တို့သိတယ်” ဟု ဂျိုးဖြူပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အလားတူ ရွာငံမြို့နယ်တွင်း စစ်ရေးလှုပ်ရှားနေသော ဂျိုးဖြူပြောက်ကျားတပ်ဖွဲ့မှ ရဲဘော် ကိုမောင်လေး ဆိုသူ လည်း ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ ရက်နေ့တွင် အောင်ပန်းမြို့မဈးတွင် ပစ်ခတ်ဖမ်းဆီးခံရပြီးနောက် ယနေ့ ၂ လကျော်နီးပါး ကြာသည်အထိ မိသားဝင်များနှင့် အဆက်အသွယ် မရသေးဘူးဟု ပြောသည်။

ရွာငံမြို့နယ်တွင် ပြောက်ကျားတပ်ဖွဲ့များမှာ ပြီးခဲ့သည့် ဩဂုတ်လ ၁၈ ရက်နေ့ ရွှေညောင်မြို့ EPC ရုံးအား ဗုံးခွဲ သတိပေးပြီးသည့် အချိန်မှစ၍ စစ်ရေးလှုပ်ရှားမှု မရှိသေးဘူးဟု တာဝန်ရှိသူများက ပြောသည်။

ထိုသို့ ပြောက် ကျားတပ်ဖွဲ့များ စစ်ရေးငြိမ်သက်နေသည့်အချိန်တွင် မည်သည့်အဖွဲ့ကမှန်း မသိသော လက်နက် နှင့်တကွ ကလေးငယ်နှစ်ဦး ဖမ်းဆီးခံရသည့် သတင်းထွက်ပေါ် လာခြင်းမှာ ဒေသခံများနှင့် ပြောက်ကျားတပ်ဖွဲ့ များအတွက် မေးခွန်းထုတ် စရာ ဖြစ်နေသည်ဟု ဆိုသည်။