ထားဝယ်-လောင်းလုံးအကြား ပေါက်ကွဲမှုဖြစ်၊ မောင်းမကန်ပြန် အမျိုးသမီးနှစ်ဦး ထိမှန်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်။
ထားဝယ်နှင့် လောင်းလုံးကို ဆက်သွယ်ထားသည့် တံတားအနီးတွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ဆိုင်ကယ်စီးလာသူ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားသည်ဟု ဒေသခံများက ပြောသည်။
ထားဝယ်ဘက် အခြမ်းရှိ ကမြောကင်း တံတားထိပ်အနီး လမ်းဘေးဝဲဘက်မှ မိုင်းပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး ပေါက်
ကွဲမှုကြောင့် မောင်းမကန်ကမ်းခြေမှ ထားဝယ်သို့ ပြန်လာသည့် အမျိုးသမီး ၂ ဦး မိုင်းစများ ထိမှန်ကာ ဒဏ်ရာ ရရှိသွားခြင်း ဖြစ်သည်။
“အသံက တော်တော်ကြမ်းတယ်။ မြေကြီးပါတုန်သွားတာ။ မျက်စိရှေ့တင် မီးခိုးလုံးကြီး တက် သွား ပြီးမှ ဆိုင်ကယ်တစ်စီးနဲ့ မိန်းကလေး၂ ယောက် လဲကျနေတာတွေ့တယ်။ ကြောက်ပြီး ပြန်လှည့်ပြေးခဲ့ရ တယ်” ဟု အသက် ၃၅ နှစ်အရွယ် ဒေသခံတစ်ဦးက ပြောသည်။
ဒီဇင်ဘာလ ၄ ရက်နေ့၊ ညနေ ၄ နာရီခွဲ ဝန်းကျင်အချိန်ခန့်က ဖြစ်ပွားခဲ့သည့် အဆိုပါ မိုင်းပေါက်ကွဲမှုအတွင်း ဆိုင်ကယ်စီးလာသည့် အမျိုးသမီး ၂ ဦး ထိမှန်ဒဏ်ရာ ရရှိသွားခြင်း ဖြစ်သည်။
ထိုအမျိုးသမီး ၂ ဦးမှာ ဆန်းချီရပ်ကွက်တွင် နေထိုင်သူ အသက် ၃၁နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ၂၈နှစ် အရွယ် အမျိုးသမီးတစ်ဦးတို့ ဖြစ်ကြသည်။
ဒဏ်ရာရသူ ၂ ဦး အနက် အသက် ၃၁ နှစ်အရွယ် အမျိုးသမီးမှာ မိုင်းစထိမှန်ဒဏ်ရာများ အပြင် ဆိုင်ကယ်လဲကျ သွားသည့် ဒဏ်ရာများကြောင့် အသက်အန္တရာယ် စိုးရိမ်ရပြီး နောက်တစ်ဦးမှာ အနည်းငယ် ပွန်းပဲ့ဒဏ်ရာမျှသာ ရရှိခဲ့သဖြင့် မစိုးရိမ်ရဘူးဟု ကမြောကင်း တံတားအနီး သွားလာနေသူအချို့က ပြောသည်။
ထိုသို့ မိုင်းပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ ရှင်းလင်းစစ်ဆေးခဲ့ပြီး ဒဏ်ရာရရှိသူ အမျိုးသမီး ၂ ဦးကို အရေးပေါ် လူနာတင်ကားဖြင့် တင်ဆောင်သွားသည်ဟု မျက်မြင်တွေ့ရှိခဲ့သူ ဒေသခံများက ဆိုသည်။
သို့သော် ယခုပေါက်ကွဲမှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းကမှလည်း တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုထား ခြင်းမျိုး မရှိသေးပေ။
ယခုနှစ် အောက်တိုဘာလ ၆ ရက်နေ့တုန်းကလည်း ထားဝယ်မြို့၊ သပိတ်မျှောပွဲ ဖျော်ဖြေရေးမဏ္ဍပ်တွင် မိုင်း ပေါက်ကွဲခဲ့ပြီး အဆိုပါ ဖျော်ဖြေရေးမဏ္ဍပ် မိုင်းဖေါက်ခွဲခံရမှုနှင့် ပတ်သက်၍ ထားဝယ်ပြောက်ကျားတပ်ဖွဲ့ (Guerrilla Dawei) က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ပြောဆိုထားသည်။
ဓါတ်ပုံ – ကမြောကင်းတံတား (ပုံဟောင်း)