စီးပွားရေး ဘဏ်နှင့် ရွေးကော်ရုံး သေနတ်ဖြင့် ပစ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်။

မြိတ်ခရိုင်၊ ပုလောမြို့က မြန်မာ့စီးပွားရေးဘဏ်နှင့် ရွေးကောက်ပွဲကော်မရှင်ရုံးတို့ သေနတ်ဖြင့် ပစ်ခတ်ခံရသည် ဟု ဒေသခံများက ပြောသည်။

ပုလောမြို့၊ အမှတ်-၂ ရပ်ကွက် လမ်းသွယ်အတွင်းရှိ မြန်မာ့စီးပွားရေး ဘဏ် (ခွဲ) နှင့် ရွေးကောက်ပွဲ ကော်မရှင်ရုံး တို့ ဒီဇင်ဘာလ ၇ ရက်နေ့၊ ညနေ ၄ နာရီ အချိန်ခန့်က သေနတ်ဖြင့် ပစ်ခတ်ခံရခြင်း ဖြစ်သည်။

ဆိုင်ကယ် ၄ စီးနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝတ်စုံများဝတ်ဆင်ထားသည့် အမည်မသိ လူ ၈ ဦးက မြန်မာ့ စီးပွားရေးဘဏ်ကို သေနတ်ဖြင့် လာရောက်ပစ်ခတ်သွားခဲ့ခြင်း ဖြစ်သည်ဟု မြို့ခံများက ပြောသည်။

ထို့နောက် စီးပွားရေးဘဏ်အနီးရှိ ပုလောမြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးကိုလည်း တဆက်တည်း ပစ်ခတ် ခဲ့ခြင်း ဖြစ်သည်ဟု ပြောသည်။

“သေနတ်သံတွေ ဆူညံသွားတာ။ တမြို့လုံးနီးပါးကြားနေရတယ်။ ဘဏ်ပိတ်ချိန်မှာမို့ တော်သေးတယ်။ ခြောက် လှန့်တဲ့ သဘောနဲ့ လာပစ်တာဖြစ်မယ်။ အထိအခိုက်တွေတော့ မရှိပါဘူး” ဟု အမှတ် ၁ ရပ်ကွက်မှ အသက် ၅၀ ခန့် အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

ထိုသို့ သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းမတိုင်မှီ နာရီဝက်ခန့်က ဈေးဝယ်ရာမှ အပြန် ဘဏ်အရှေ့မှ ဖြတ်လာခဲ့စဉ် စစ်ကောင်စီ တပ်သား ၃ ဦး လုံခြုံရေးယူထားသည်ကို မြင်တွေ့ခဲ့ရသေးသည်ဟု ၎င်းအမျိုးသားက ဆိုသည်။

အဆိုပါ ဘဏ်နှင့် ရွေး/ကော် ရုံး ပစ်ခတ်ခံရမှုမှာ မိနစ်ပိုင်းခန့်သာ ကြာခဲ့ပြီး ၎င်းရုံးများအတွင်းရှိ ရဲနှင့် စစ်သား များက ပြန်လည်ပစ်ခတ်သံမျိုးကိုတော့ မကြားရဘူးဟု ဒေသခံများက ပြောသည်။

ပစ်ခတ်ခံမှု ဖြစ်ပြီးနောက် ပြန်လည်ထွက်ခွာသွားသည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝတ်စုံ ဝတ်ထားသူများ ဆီ သို့မှန်း၍ ပုလောမြို့အနီးက မှော်ကြောင်းကျေးရွာဘက်သို့ စစ်ကောင်စီ လက်အောက်ခံ တပ်ရင်း – ၂၈၅ က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ပြောသည်။