ဧရာဝတီတွင် စပါးများ သတ်မှတ်ဈေးဖြင့် အတင်းအကြပ် ဝယ်ယူ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်။
ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီနှင့် စီးပွားရေး လုပ်ငန်းရှင်တို့အချို့ ပေါင်းကာ ဒေသခံ တောင်သူများ၏ လယ်ယာက ထွက်သော ကောက်ကြမ်း စပါး၏ ၆၅ နှုန်းကို ဈေးနှိမ်ပြီး သတ်မှတ်ဈေးဖြင့် အတင်းအကြပ် ဖိအားပေး ဝယ်ယူ နေ သည်ဟု ဒေသခံ တောင်သူများက ပြောသည်။
တောင်သူများ၏ လယ်က ထွက်သော ကောက်ကြမ်း စပါး၏ ၆၅ ရာခိုင်နှုန်းကို တင်းတစ်ရာလျှင် ကျပ် ငါးသိန်း ရှစ်သောင်း ဈေးဖြင့် စစ်ကောင်စီထံကို တောင်သူများက မဖြစ်မနေ ရောင်းချပေးရမှာ ဖြစ်ပြီး ကျန် ၃၅ ရာခိုင် နှုန်းကို ကာလပေါက်ဈေးဖြင့် စိတ်ကြိုက်ကုန်သည်များထံ ရောင်းနိုင်ကြောင်း သတ်မှတ်လိုက်ခြင်း ဖြစ်သည်။
သာပေါင်း မြို့နယ်က ဒေသခံ တောင်သူ တစ်ဦးက “ကိုယ့်လယ်က ထွက်တဲ့ စပါးကို ကြိုက်ဈေး ကြိုက်လူကို ရောင်းချင်သမျှ ရောင်းခွင့်မပြုဘူး။ ပေးဝယ်တဲ့ ဈေး နှုန်းကလည်း ပြင်ပဈေးကွက် ပေါက်ဈေးရဲ့ ထက်ဝက် ကျော် ဈေးနှိမ်ဝယ်တာ။ မဆလခေတ်က တာဝန်ကျေ စပါး ဆယ်တင်း သွင်းရတာမျိုးထက် ပိုဆိုးနေတယ်” ဟု က ပြောသည်။
သဘာဝဘေးနှင့် အခြား ကြပ်တည်းမှုများ ဖြေရှင်းရန်ဆိုသည့် ခေါင်းစဉ်ဖြင့် အရံဆန် လိုအပ်သည်ဟု ဆိုကာ စစ်ကောင်စီက ကျေးရွာ အုပ်ချုပ်မှူးများ နှင့် ဆန်စပါး ရောင်းဝယ်သူများကို ကြားခံထားပြီး မဖြစ်မနေ ဖိအား ပေးကာ ဝယ်နေခြင်းဖြစ်သည် ဟု အုပ်ချုပ်ရေးအဖွဲ့ နှင့် နီးစပ်သူများက ပြောသည်။
ကောက်ကြမ်းစပါး ပြင်ပဈေးကွက် ကာလ ပေါက်ဈေး တင်းတစ်ရာကို ကျပ် ၁၃ သိန်း ဝန်းကျင်ဖြစ်ပြီး တစ်ဧက ထွက်နှုန်း တင်း ၈၀ ဖြစ်ကာ တစ်ဧက စိုက်ပျိုးစရိတ် ကုန်ကျငွေ ကျပ် ၃ သိန်းကျော် ဖြစ်သည့်အတွက် စစ်ကောင်စီက ပေးဝယ်နေသည့် ဈေးနှုန်းမှာ တောင်သူများအတွက် အရှုံးပေါ်နေသည်ဟု မြောင်းမြမြို့နယ် ဘက်က ဆန်စပါး ကုန်သည် တစ်ဦးက ပြောသည်။
လယ်သမားအရေး တက်ကြွလှုပ်ရှားသူ ကိုဇော်မင်း က “စစ်ကောင်စီ ပေးတဲ့ ဈေးနှုန်းက တောင်သူတွေ အတွက် ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ စပါးပေး ငွေကြို ယူထားတဲ့ သူတွေဆိုရင် သေချာတယ် စစ်ကောင်စီ ကို မဖြစ်မနေ ရောင်းပေးရမယ့် စပါး ၆၅ ရာခိုင်နှုန်းကို ဘယ် လိုမှ မတတ်နိုင်ဘူး။ သူတို့မှာ စစ်ကောင်စီကို ရောင်းဖို့ စပါးမရှိတော့ဘူးလေ” ဟု ပြောသည်။
တောင်သူများထံမှ စစ်ကောင်စီက ကောက်ကြမ်းစပါး စပါး ၆၅ ရာခိုင် နှုန်း အတင်းအကြပ် ဝယ်ယူခိုင်းသည်မှာ ရနိုင်ရန်ခက်ခဲကြောင်းကို အုပ်ချုပ်ရေးမှူး အချို့က တင်ပြခဲ့သော်လည်း စစ်ကောင်စီက လက်မခံဘူး ဟု အုပ်ချုပ် ရေး အဖွဲ့နှင့် နီးစပ်သူများက ပြောသည်။
စစ်ကောင်စီ အနေဖြင့် စပါးစိုက် တောင်သူများထံမှ ကောက်ကြမ်းစပါး ၆၅ ရာခိုင်နှုန်းကို ဈေးနှိမ်ပြီး အတင်း ဝယ်နေခြင်းမှာ တော်လှန်ရေး အင်အားစုများထံ ရိက္ခာဆန်များ မရောက်စေရန်အတွက် ဖြစ်နိုင်သည်ဟု ဒေသခံ များက ပြောဆိုနေမူများလည်းရှိသည်။
စစ်ကောင်စီက ၎င်း၏ တပ်များနှင့် တပ်မိသားစုအတွက် ဆန်ရိက္ခာကို ဆန်စပါး ကုန်သည်များထံမှ ကြိုငွေ ထုတ် ပေးကာ တစ်နှစ်စာအတွက် ဝယ်ပြီးသား ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
သဘာဝဘေးနှင့် အခြား ကြပ်တည်းမှုများ ဖြေရှင်းရန်ဆိုသည့် ခေါင်းစဉ်ဖြင့် အရံဆန် ၆၅ ရာခိုင်နှုန်း လိုအပ်၍ ဝယ်ခြင်းမျိုး ယခင်က မရှိခဲ့ဘူးဟု ဆန်စပါးကုန်သည်များက ပြောသည်။