ဒု-တပ်ကြပ်တစ်ဦး လက်နက်နှင့် အတူ ဖမ်းမိ

သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်။

ဒုတပ်ကြပ်အဆင့်ရှိသည့် စစ်သားတစ်ဦးကို လက် နက်များနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု ပေါင်းတည် PPDF တပ်ရင်း ၃၆၀၁ တာဝန်ရှိသူက ပြောသည်။

ပဲခူးတိုင်းအနောက်ခြမ်း ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင်း ကြာနီကန် ရဲကင်းနှင့်အတူ စခန်းချနေထိုင်သည့် စစ်ကောင်စီစခန်းမှ ဒုတပ်ကြပ်အဆင့်ရှိ စစ်သားတဦးကို လက်နက်အပြည့်အစုံနှင့်အတူ နယ်မြေခံ PDF တပ်ဖွဲ့တို့က ဒီဇင်ဘာလ ၉ ရက်နေ့ တွင် ဖမ်းမိခဲ့ ခြင်း ဖြစ်သည်။

”ဒီနေရာကို အမြဲလာတတ်လို့ ၃၆၀၁ တပ်ရင်း တပ်ခွဲ ၂ တိုက်ဂါးစစ်ကြောင်းက နှစ်ရက်ကြာ စောင့်ဆိုင်းပြီးမှ အခုလို ပစ်ခတ်မှု မရှိဘဲ လက်ရဖမ်းဆီးနိုင်ခဲ့တာပါ။ NUG ရဲ့ ညွှန်ကြားချက် အတိုင်း စစ်သုံ့ပန်း ဥပဒေအတိုင်း ထိမ်းသိမ်းထားတယ်” ဟု PPDF တာဝန်ရှိသူ တဦး ကပြောသည်။

ဖမ်းဆီးခံရသူသည် ကပစ – ၃ ဆင်တဲမှ ဒုတပ်ကြပ်တဦးဖြစ်ပြီး အရပ်ဝတ်နှင့် ကင်းလှည့်ရင်း တဦးတည်း ကျွံဝင် လာခြင်းဖြစ်သည် ဟု ဆိုသည်။

စစ်ကောင်စီ တပ်သားနှင့်အတူ MA 2 တလက်၊ ကျည်ဘောက် ၄ ခု အပြင် ၅ ဒဿမ ၅၆ ကျည်အတောင့် ၂၀၀ ကို သိမ်းဆည်းနိုင်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် အားလုံးဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့သည် ဟု ဆိုသည်။

PPDF တပ်ရင်း ၃၆၀၁ က စစ်ကောင်စီတပ်ဖွဲ့ဝင်များ အနေဖြင့် လက်နက်နှင့်အတူ CDM ဝင်ရောက်လာပါ ဆု ကြေးငွေ ကျပ်သိန်း ၈၀ ပေးမည်ဟု သတင်းထုတ်ပြန်ထားသည်။

လတ်တလောတွင် ကြာနီကန်ကျေးရွာ အနီးတဝိုက်တွင် စစ်သားများက ပျောက်ဆုံးနေသူကို တောနင်းရှာဖွေ နေ ပြီး အစစ်အဆေးများလည်း တင်းကြပ်ထားသည်ဟု ဒေသခံများက ပြောသည်။