ကိုယ်ဝန်ဆောင် အမျိုးသမီး အား မီးဖွားကာနီး ဆက်ဖမ်းထား
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်။
ထားဝယ်ခရိုင်၊ ထားဝယ်မြို့တွင် စစ်ကောင်စီက ဖမ်းဆီးထားသည့် မွေးဖွားခါနီး ကိုယ်ဝန်ဆောင် အမျိုးသမီးအား ပြန်မလွှတ်သေးဘူးဟု ဒေသခံများက ပြောသည်။
ထိုအမျိုးသမီး၏ ယောက်ျား ဖြစ်သူအား စစ်ကောင်စီ တပ်ဖွဲ့များက လာရောက်ရှာဖွေပြီး ယောက်ျား ဖြစ်သူအား မတွေ့သဖြင့် နေ့စေ့လစေ့ ဖြစ်နေသည့် မိန်းမဖြစ်သူအပါအဝင် အပါအဝင် မိသားစု ၄ ဦးကို ဒီဇင်ဘာလ ၅ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ရပ်ကွက်နေပြည်သူများ က ပြောသည်။
“ကိုယ်ဝန်ဆောင် အမျိုးသမီးရဲ့ ယောက်ကျားကို လာရှာတာ။ အိမ်မှာမတွေ့တော့ ကျန်တဲ့ မိသားစုဝင်တွေကို တန် ဆာခံ ဖမ်းသွားတာ” ဟု အသက် ၃၅ နှစ်အရွယ် အိမ်နီးချင်း အမျိုးသမီးတစ်ဦး က ပြောသည်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်များက နေ့စေ့လစေ့ကိုယ်ဝန်သည် မမီးမော် ဆိုသည့် အမျိုးသမီးတစ်ဦးနှင့် အတူ သူမ၏ မိခင်အပြင်၊ မောင်နှမတော်စပ်သူ အမျိုးသား၂ ဦး စုစုပေါင်း ၄ ဦးတို့ကို ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။
ယခု ဖမ်းဆီးခြင်းခံထားရသူ ကိုယ်ဝန်ဆောင် အမျိုးသမီးမှာ နေ့စေ့လစေ့ အခြေအနေဖြစ်သည့်အတွက် ယခု ရက်ပိုင်းအတွင်း မွေးဖွားမည်ဟု ဆရာဝန်က due date (မွေးရက်) ပေးခံထားရသူလည်း ဖြစ်သည်ဟု မိသားစု ဝင်များ နှင့် နီးစပ်သူတစ်ဦး က ဆိုသည်။
အဖမ်းခံရသူ ၄ ဦးအနက် မိခင်နှင့် မောင်တော်စပ်သူတစ်ဦး ကို ဖမ်းဆီးပြီးနောက် တရက် နံနက်ပိုင်းတွင် အာမခံ ဖြင့် ပြန်လွှတ်ပေးခဲ့သော်လည်း ကိုယ်ဝန်ဆောင် အမျိုးသမီးနှင့်အတူ ကျန်ရှိသည့် အမျိုးသား (မောင်နှမ တော် စပ်သူ) ကိုမူ ဒီဇင်ဘာလ ၁၀ ရက်နေ့၊ နံနက်ပိုင်း အချိန်ထိ ဖမ်းဆီးထားဆဲဖြစ်သည်ဟု နီးစပ်သူများက ပြော သည်။
ထို့အပြင် ဆက်လက်ဖမ်းဆီးခံထားရသူ ၂ ဦးကို လက်ရှိအချိန်ထိ မိသားစုဝင်များနှင့် တွေ့ဆုံ ဆက်သွယ်ခွင့် မပေး သေးသည့်အပေါ် စိုးရိမ်နေကြရသည် ဟု ပြောသည်။
ထားဝယ်မြို့ပေါ်တွင် ယခုရက်ပိုင်းအတွင်း အစစ်အဆေး အဖမ်းအဆီးများ ပြန်လည် တင်းကြပ်လာနေပြီး ရပ်ကွက် အချို့တွင် ညဘက် ရှောင်တခင် ဧည့်စာရင်း အကြောင်းပြကာ ရှာဖွေစစ်ဆေးမှုများလည်း ရှိနေသည် ဟု မြို့ခံများက ပြောသည်။