KRU ရဲဘော်တစ်ဦး ၅ ရက်ကြာ ပျောက်ဆုံးနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်။

ကယား(ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ကုန်းသာကျေးရွာတိုက်ပွဲတွင် ကရင်နီ တော် လှန်ရေး တပ်ပေါင်းစု (KRU)မှ ရဲဘော်တစ်ဦး ၅ ရက်ကြာသည်အထိ ပျောက်ဆုံးနေသည်ဟု တာဝန်ရှိ သူများက ပြောသည်။

ထိုတိုက်ပွဲတွင် KRU တပ်ပေါင်းစုနှင့် Karenni Generation-Z (KGZ) တို့ ထောင်ထားသည့် မြေမြုပ်မိုင်းများ ကြောင့် စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးခဲ့ပြီး အနီးကပ်ပစ်ခတ်မှုကြောင့် စစ်ကောင်စီ တပ်သား တစ်ဦး ထပ် မံသေဆုံးခဲ့ကာ ၁၀ ဦး ထက်မနည်း ထိခိုက် ဒဏ်ရာရရှိနိုင်သည်ဟု KRU တပ်ဖွဲ့ဝင် များက ပြောသည်။

အလားတူ KRU တပ်ပေါင်းစု၏ အသက် ၂၁ နှစ်အရွယ် ရဲဘော်တစ်ဦးမှာလည်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၆ ရက် နေ့၊ ည ၁၂ နာရီ အချိန်ခန့်တွင် စစ်ကောင်းထိုးလာသည့် စစ်ကောင်စီအင်အား ၁၀၀ ခန့်နှင့် ထိတွေ့တိုက်ပွဲ ဖြစ် ပွားခဲ့ပြီးနောက် ပျောက်ဆုံးသွားခဲ့ရာ ယခုအချိန်ထိ အစအနပင် မတွေ့ရသေးဘူးဟု ပြောသည်။

“ကင်းပေါက် လာတာကနေပြီးတော့ ရှေ့ကင်းပေါက်သွားတဲ့ ပုံစံမျိုးပါ။ ပြန်ဆုတ်တဲ့အချိန်မှာ သူက ကျန်ခဲ့တာ ပေါ့။ မနေ့ည အထိတော့ ကျနော်တို့ ရှာဖွေနေတုန်းပေါ့။ KRU ကနေ မကြာခင် ထုတ်ပြန်ချက်ထုတ်မှာပါ” ဟု KRU တပ်ပေါင်းစုမှ ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါတိုက်ပွဲတွင် KRU ရဲဘော် ၅ ဦး ပျောက်ဆုံးသွားခြင်း ဖြစ်ပြီး ကျန်ရဲဘော်များက မရပ်မနားရှာဖွေမှု ကြောင့် ဒီဇင်ဘာလ ၇ ရက်နေ့၊ နံနက် ၄ နာရီအချိန်ခန့်တွင် ရဲဘော် ၄ ဦးအား တိုက်ပွဲနေရာ၌ပင် ဒဏ်ရာများနှင့် ပြန်လည်တွေ့ရှိခဲ့သည်ဟု ပြောသည်။

ထို့အပြင် ကျန်ရဲဘော်တစ်ဦးကို လက်မလျှော့သေးဘဲ မဟာမိတ်တပ်ဖွဲ့များ၏ အကူအညီများနှင့်အတူ ဆက် လက်ရှာဖွေနေဆဲ ဖြစ်သည်ဟု ပြောသည်။

KRU တပ်ပေါင်းစု တာဝန်ရှိသူ က “ပြန်တွေ့တဲ့ ရဲဘော်ထဲက တစ်ယောက်ကတော့ နည်းနည်း စိုးရိမ်ရတယ် ပေါ့။ ကျန်တာတွေက ကြီးကြီးမားမား မဟုတ်ဘူးပေါ့။ အဲဒီတစ်ယောက် တင်ပါးထိထားတယ် ဆိုတော့ အသက် အန္တရာယ် မစိုးရိမ်ရပေမယ့် စောင့် ကြည့်နေရတယ်ပေါ့” ဟု ပြောသည်။

ကုန်းသာကျေးရွာ တိုက်ပွဲပြီးဆုံးသည့် ဒီဇင်ဘာလ ၇ ရက်နေ့ကစပြီး စစ်ကောင်စီတပ်များမှာ သာလွန်အင်အား ဖြင့် စစ်ကြောင်း ၃ ကြောင်းခွဲ၍ ထပ်မံထိုးစစ်ဆင်လာသည် ဖြစ်သော်လည်း လတ်တလောတွင် ၎င်းတို့ စစ်ရေး လှုပ်ရှားမှု မတွေ့ရသေးသောကြောင့် ကုန်းသာဘုန်းတော်ကြီးကျောင်းထဲတွင် တိတ်တဆိတ် ကင်းပုန်းချ၍ တပ်စွဲ ထားနိုင်သည်ဟု ကျေးရွာခံပြည်သူများက ပြောသည်။

ကုန်းသာကျေးရွာတွင် စစ်ကောင်စီ ထိုးစစ်ဆင်မှုကြောင့် နယ်မြေအချို့ကို လက်လွှတ်လိုက်ရသော်လည်း KRU တပ်ပေါင်းစု အနေဖြင့် စိုးရိမ်စရာမရှိဘူးဟု KRU တာဝန်ရှိသူက ပြောသည်။

“လက်ရှိက သူတို့တပ်စွဲထားတဲ့ ပုံစံမျိုးပေါ့။ ကျနော်တို့ နည်းနည်း ပြန်ဆုတ်ပေးလိုက်ရတယ်ပေါ့။ အရင်လို နယ် မြေအများကြီး ပြန်ဆုတ်ပေးလိုက်ရတာ မဟုတ်ဘူး။ အနီးအနား တစ်ဝိုက်လောက်ပါပဲ။”

ကုန်းသာကျေးရွာတွင် စစ်ကောင်စီတပ်များ ပြီးခဲ့သည့် နိုဝင်ဘာလကုန် ကတည်းက တပ် ပြန်ရုတ်သွားသော ကြောင့် ဒီဇင်ဘာလ ၁ ရက်နေ့တွင် KRU တပ်ပေါင်းစုနှင့်အတူ KGZ တပ်ဖွဲ့တို့မှ မိုင်းရှင်းလင်းရေး လိုက်လံ ပြုလုပ်ခဲ့ရာ ရဲဘော် ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာ စိုးရိမ်နေရဆဲဖြစ်သည်။

KRU တပ်ပေါင်းစုတွင် KDF, Fight For Justice-JPDF, GZ-21-PDF (Loi Kaw), Medic Unit- Demoso (ဆေး တပ်ဖွဲ့) နှင့် ကွန်မန်ဒိုများပါဝင်သည့် ပြည်သူ့ကာကွယ်ရေးတပ် – ဒီးမော့ဆိုမြို့နယ် (DMO PDF), KGZ တို့နှင့် ပူး ပေါင်းကာ ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာတစ်လျှောက် နယ်မြေစိုးမိုးမှု ရယူပြီး စစ်ရေးလှုပ်ရှားနေသည် တာ ဝန်ရှိသူများက ပြောသည်။