ပုလောတွင် စစ်ကောင်စီ စခန်း အများအပြားကို PDF များက တပြိုင်တည်းဝင်တိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်။
ပုလောမြို့နယ်အတွင်း ပလရဲစခန်း အပါအဝင် စစ်ကောင်စီတပ်စွဲထားသည့် စခန်းကုန်းနေရာ အများအပြားကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်း၍ တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု မဟာမိတ် တပ်ပေါင်းစု တာဝန်ရှိသူများက ပြောသည်။
ပလမြို့ ရဲစခန်းအပြင် စစ်ကောင်စီက တပ်စွဲထားသည့် နေရာများဖြစ်သော တစ်မိုင်တောင်၊ နန်းတောင်၊ ပုလော ကုန်း၊ ပဝတ်ကုန်း၊ မကျည်းကုန်းနှင့် တိုကျေးရွာတို့မှ လုံခြုံရေး စခန်းကုန်း နေရာများကို မိကျောင်းစစ်ကြောင်းနှင့် ဒေသခံပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုများက တချိန်တည်းတပြိုင်တည်း ပူးပေါင်း တိုက်ခိုက်ခဲ့ကြ ခြင်း ဖြစ်သည်။
“ပလရဲစခန်းမှူးက ပလမြို့နယ်ထဲ ဝင်လာမရအောင် လုံခြုံရေး တိုးမြှင့်ထားပြီးပြီလို့ လေကျယ်ပြီး ပြောထား တယ်။ ဒါကြောင့် အချိန်မရွေးဝင်လို့ရတယ်ဆိုတာ သိအောင် လက်တွေ့ ဝင်ရောက်ပစ်ခတ်ခဲ့တာ” ဟု တိုက်ခိုက် ရာတွင် ပါဝင်ခဲ့သည့် PDF တပ်ဖွဲ့ဝင်တစ်ဦး က ပြော သည်။
အဆိုပါ နေရာများကို ဒီဇင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းက တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့သည် ဟု ပုလော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF က သတင်းထုတ်ပြန်ထားသည်။
ပလမြို့ရဲစခန်းအား ထိုနေ့ နံနက် ၁၀ နာရီခွဲခန့်တွင် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းကြောင့် နှစ်ဖက်ကြား အပြန်အလှန် ပစ်ခတ်မှု ၁၅ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး တပြိုင်နက်တည်းမှာပင် ပလ ဆေးရုံအနီးရှိ မြို့ပေါ် ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးဟောင်းကိုလည်း မိုင်းဖြင့်ဖောက်ခွဲခဲ့သေးသည်ဟု ဆိုသည်။
ယခု တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များဘက်မှ ၂ ဦး သေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိသွားခဲ့သော်လည်း အသေးစိတ် အခြေအနေကိုမူ မသိရှိရသေးဘူးဟု မဟာမိတ် တပ်ပေါင်းစု တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပစ်ခတ်မှု ဖြစ်ပွားပြီး နာရီပိုင်းအကြာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကူရောက်ရှိလာကာ ပလမြို့ အဝင် အထွက် နေရာများတွင် လုံခြုံရေးများ ချထားသည့်အပြင် လမ်းသွားလမ်းလာ ပြည်သူများနှင့် ရဲစခန်းအနီးတွင် နေထိုင်သည့် လူနေအိမ်များကို စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
“သေနတ်သံတွေရော လက်နက်ကြီးသံတွေပါ ရွာချင်းနီးတော့ ကြားနေရတယ်။ ပလအုပ်ချုပ်ရေးမှူး အိမ် ဗုံးကွဲ ပြီး စစ်တပ်က ဖမ်းဆီးတာတွေ လုပ်ကတည်းက ပလနဲ့ အနီးအနားရွာတွေမှာ လူတွေ သိပ်မရှိကြဘူး။ ဆွေမျိုး တွေ ရှိတဲ့နေရာတွေနဲ့ မြိတ်မြို့ဘက်ကို ရှောင်တိမ်းနေကြရတာ၊ ကျန်တာဆိုလို့ မြို့မှာ ဆွေမျိုးမရှိတဲ့ လက်လုပ် လက်စားတချို့ပဲ ကျန်ခဲ့တာ” ဟု ဇရပ်ဆိပ်ရွာသားတစ်ဦးက ပြောသည်။
အဆိုပါ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီဘက်မှ အခိုင်အမာတည်ဆောက် တပ်စွဲထားသည့် လက်နက်ကြီး ကုန်းများနှင့် စခန်းကုန်းများကို အင်အား ချိနဲ့သွားသည့်အထိ မိကျောင်း ပြည်သူ့ကာကွယ်ရေးစစ်ကြောင်း နှင့် မဟာမိတ်တပ်ပေါင်းစုတို့က ပူးပေါင်း တိုက်ခိုက်နိုင်ခဲ့ကြခြင်း ဖြစ်သည်။
ထို့အပြင် ပူးပေါင်းတပ်ဖွဲ့ဝင်များအနေဖြင့် ထိုနေ့ ည ၁၁ နာရီခန့်အချိန်တွင် ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ဆုတ် ခွာလာနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။