လောင်းလုံးတွင် အုပ်ချုပ်ရေးမှူး တစ်ဦး ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်။
တနင်္သာရီတိုင်း ဒေသကြီး လောင်းလုံးမြို့နယ် ချောင်းဖျားကြီးကျေးရွာက အုပ်ချုပ်ရေးမှူး တစ်ဦး ပစ်ခတ်ခံရပြီး နေရာတွင် ပွဲချင်းပြီး သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။
ချောင်းဖျားကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးညိုအေး အသက် ၆၅ နှစ် အား အမည်မသိ လူ ၆ ဦးက လာရောက် ပစ်သတ်သွားခြင်း ဖြစ်သည်။
“မိသားစု အားလုံးကို အိမ်ပေါ်က ဆင်းလာခိုင်းပြီး ဦးညိုအေးကလွဲပြီး မဆိုင်တဲ့သူတွေ အိမ်ပေါ်ကိုပြန်တက်လို့ ခိုင်းလိုက်ပြီးမှ ပစ်သတ်လိုက်တာ” ဟု ဆွေမျိုးတော်စပ်သူ အသက် ၄၀ ခန့်အရွယ် ရွာသားတစ်ဦးက ပြော သည်။
သေဆုံးသူ ဦးညိုအေးသည် နေအိမ်အတွင်း မိသားစုနှင့် အတူရှိနေစဉ် အမည်မသိ လူ ၆ ဦး ရောက်ရှိလာကာ ကလေးပါမကျန် လူအားလုံးကို အိမ်အောက်သို့ ခေါ်ချပြီးမှ ဦးညိုအေး တစ်ဦးတည်းကိုသာ သေနတ်ဖြင့် ဦး ခေါင်းကို ပစ်ခတ်သွားခဲ့သဖြင့် နေရာတွင်ပင် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
ရေဖြူကျေးရွာအုပ်စု ကဒက်ငယ်ထိန်ရွာသား ဖြစ်သူ ဦးညိုအေးသည် ချောင်းဖျားကြီး ရွာသူနှင့် အိမ်ထောင်ကျ ကာ ရေလုပ်ငန်း လာရောက်လုပ်ကိုင်နေသူ တစ်ဦးဖြစ်သည်ဟု ဆိုသည်။
ဦးညိုအေး အသက် ၆၅ နှစ်အား ဒီဇင်ဘာလ ၅ ရက်နေ့၊ ညနေ ၆ နာရီ အချိန်ခန့်က သေနတ်ဖြင့် လာရောက် ပစ်သတ် သွားခြင်း ဖြစ်သည်။
ကျေးရွာအုပ်ချုပ်ရေးမှူး ဦးညိုအေးသည် ကျေးရွာသို့ ရောက်ရှိလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲ
တပ်ဖွဲ့ဝင်များကို ခရီးဦးကြို လမ်းပြပေးခြင်း၊ ဒေသတွင်း လှုပ်ရှားသွားလာနေသည့် PDF များ၏ သတင်း အချက်အလက်များ ပေးပို့ခြင်းများ ပြုလုပ်နေသူ တစ်ဦးဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ပစ်သတ်ခံရသည့် ဦးညိုအေး၏ ရုပ်အလောင်းကို ထားဝယ် ဆေးရုံသို့ သယ်ဆောင်သွားပြီးနောက် ကဒက်ငယ် ထိန်ကျေးရွာ သုဿန်တွင် သင်္ဂြိုဟ်လိုက်သည်ဟု ဆိုသည်။
အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရမှုနှင့် ပတ်သက်၍ လောင်းလုံးမြို့နယ် အတွင်းရှိ ဒေသခံ ပြည်သူ့ ကာကွယ်ရေးအဖွဲ့များဘက်မှ ဒီဇင်ဘာလ ၁၁ ရက် ညနေပိုင်း အချိန်ထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားခြင်း မျိုး မရှိသေး ပေ။