မူယစ်ဆေး ဖြန့်ဖြူးသည် နယ်ထိန်းနေအိမ် ပစ်ခတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်။

မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေသည့် နယ်ထိန်း ရဲတပ် ကြပ်ကြီး တစ်ဦး နေအိမ် ပစ်ခတ်ခံရသည်ဟု ဒေသခံများက ပြောသည်။

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ အမှတ် – ၂ ရပ်ကွက်တွင် မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချနေ သည့် နယ်ထိန်း ရဲတပ်ကြပ်ကြီး တစ်ဦး၏ နေအိမ် ဒီဇင်ဘာလ ၁၀ ရက်နေ့၊ ည ၇ နာရီအချိန်ခန့်က ပစ်ခတ်တိုက်ခိုက်ခြင်းခံခဲ့ရသည်။

အသက် ၄၀ ခန့်အရွယ် ဒေသခံ အမျိုးသားတစ်ဦးက “သူတို့မိသားစုက အရင်ကတော့ အခု ပစ်ခံရတဲ့ အိမ်မှာ နေ တာပါ။ အင်းပြားရပ်ကွက်မှာ စစ်ကောင်စီ သတင်းပေး မိသားစု လေးယောက် ပစ်သတ်ခံရပြီး ကတည်းက အိမ် မှာ မနေရဲတော့ဘဲ သူတို့ မိသားစု အားလုံး ရဲစခန်း ဝင်းထဲမှာ သွားအိပ်ကြတယ်။ တစ်ခါတစ်လေမှ အိမ်ကို ပြန် လာတာ။ လာရင်လည်း တံခါးတွေ အကုန်ပိတ်ပြီး နေတယ်” ဟု ပြောသည်။

PDF အဖွဲ့များက နေအိမ်ကို လာရောက် ပစ်ခတ်ချိန်တွင် နယ်ထိန်းမိသားစုသည် ရဲစခန်းဝင်းအတွင်းသို့ ရောက်ရှိ နေချိန်ဖြစ်ပြီး အိမ်စောင့်အဖြစ် ၎င်း၏ လုပ်ဖော်ကိုင်ဘက် တစ်ဦးသာရှိနေသည်ဟု ဒေသခံအချို့က ပြောသည်။

ကလိန်အောင် ရဲစခန်းမှ နယ်ထိန်း ရဲတပ်ကြပ်ကြီးဝင်းထွန်း၊ အသက် ၅၅ နှစ်၏ နေအိမ်ကို ကလိန်အောင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ Spring Dhamma- PDF(K.L.A) မှ သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဒီဇင်ဘာ လ ၁၁ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ရဲတပ်ကြပ်ပြီး ဝင်းထွန်း၏ နေအိမ်ပစ်ခတ်ခံရချိန် အမှတ် – ၃ ရပ်ကွက်တွင် ရှိနေသည့် ကလိန်အောင် နယ်မြေ ရဲ စခန်းဘက်မှလည်း ပြန်လည် ခြောက်လှန့်ပစ်ခတ်ခဲ့သေးသည် ဟု ရဲစခန်းအနီးတွင် နေထိုင်သူ တစ်ဦးက ပြော သည်။

နေအိမ်ပစ်ခတ်ခံရသည့် နယ်ထိန်း ရဲဝင်းထွန်းသည် ဒုတပ်ကြပ်အဆင့်မှ စစ်အာဏာသိမ်းပြီးနောက် တပ်ကြပ် ကြီး အဆင့်သို့ ရာထူးတိုးမြှင့်ခြင်းခံရကာ နယ်ထိန်း အဖြစ် တာဝန်ကျနေသူ တစ်ဦး ဖြစ်သည်။

PDF တပ်ဖွဲ့မှ ပစ်ခတ်ခံရမှုကြောင့် နေအိမ်စောင့်နေသူ နယ်ထိန်း၏ လုပ်ဖော်ကိုင်ဖက် တစ်ဦးမှာ အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ပြီး လူနာအား ကလိန်အောင်မြို့ ဆေးရုံမှ တဆင့် ထားဝယ်မြို့ဆေးရုံသို့ အရေးပေါ် လူ နာတင်ကားဖြင့် ညတွင်းချင်း ပို့ဆောင်လိုက်သည်ဟု ဒေသခံများက ဆိုသည်။

နယ်ထိန်း ရဲဝင်းထွန်းသည် မူးယစ်ဆေးဝါးများ ကိုယ်တိုင်ရောင်းချနေသည့် အပြင် တခြား တဆင့်ခံ ရောင်းချ မည့် သူများကိုလည်း ဖေါက်သည်ပေး၍ ရောင်းချခွင့်ပြုပြီး နောက် လစဉ်ကြေးများလည်း ကောက်ခံလျက် ရှိနေ သည်ဟု ပြည်သူများက သက်သေများနှင့်တကွ တိုင်ကြားမှုများ ရှိလာသည့်အတွက် ယခုကဲ့သို့ သွားရောက် အရေးယူ ပစ်ခတ်ခဲ့ရခြင်းဖြစ်သည် ဟု ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

သွားရောက်ပစ်ခတ်ခဲ့သည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အနေဖြင့် အထိအခိုက် မရှိဘဲ အောင်မြင်စွာ ပြန်လည် ဆုတ်ခွာလာနိုင်ခဲ့သည်ဟုလည်း PDF အဖွဲ့က ဆိုသည်။

ကလိန်အောင်မြို့သည် ထားဝယ်မြို့မှ ၄၆ မိုင် ကွာဝေးပြီး ရေး-ထားဝယ် သွား ပြည်ထောင်စု ကားလမ်းမကြီး ပေါ်တွင် တည်ရှိသည်။