ဒေးဒရဲ လျှပ်စစ်အင်ဂျင်နီယာ ရုံး ဗုံးကွဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်။

ဒေးဒရဲ မြို့နယ် လျှပ်စစ် အင်ဂျင်နီယာရုံးတွင် ဗုံးပေါက် ကွဲမှု ဖြစ်ပွားခဲ့သည်ဟု ဒေးဒရဲမြို့ခံများက ပြောသည်။

နံနက်စောစော ဒီဇင်ဘာ အားကစားလ ပထမနေ့ စစ်ကောင်စီ၏ လက်အောက်ခံ ဝန်ထမ်းများနှင့် လူထု လှုပ်ရှား လမ်းလျှောက်ပွဲ အတွက် လူစတင်စုနေချိန် အသံချဲ့စက် စဖွင့်လိုက်ပြီး မရှေးမနှောင်းမှာပဲ အမှတ် ၂ ရပ်ကွက် ပဒုမ္မာလမ်းက လျှပ်စစ်အင်ဂျင်နီယာရုံးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွါး ခဲ့ခြင်း ဖြစ်သည်။

ဒေးဒရဲမြို့ခံ တစ်ဦးက “အသံချဲ့စက်က စောစောအိပ်လို့ စောစောထလို့ သီချင်းသံထွက်ရုံပဲ ရှိသေးတယ်။ ‘ဝုန်း’ ဆိုတဲ့ အသံ ကြားရတာ ပဲ။ ပေါက်ကွဲသံက အတော်ကျယ်တယ်။ အသံချဲ့စက်သံလည်း တိတ်သွားတယ်။ ဝန် ထမ်းတွေ ပြန်လာလို့ မေးကြည့်တော့မှ EPC ရုံးမှာ ဗုံးပေါက်တာလို့ သိရတယ်” ဟု ပြောသည်။

ပေါက်ကွဲမှု ဖြစ်ပွားပြီး မကြာမီ စစ်ကောင်စီတပ်နှင့် ရဲများ ရောက်လာပြီး ပဒုမ္မာလမ်းနှင့် မြို့အဝင်အထွက် ဂိတ် များကို ပိတ်ဆို့ စစ်ဆေးမှုများ လုပ်နေသည့်အပြင် ရဲတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆိုင်ကယ် အုပ်စုဖွဲ့ ကာ လှည့်လည် ရှာဖွေမှုများလည်း လုပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

မြို့နယ် EPC ရုံး၏ ဝင်ပေါက် အနီးအတွင်းပိုင်း နေရာတွင် ဗုံးပေါက်ကွဲခဲ့ခြင်း ဖြစ်သော်လည်း လူ နှင့် အဆောက် အဦကို ထိခိုက်ပျက်စီးခြင်း မရှိဘူးဟု ရဲတပ်ဖွဲ့ နှင့် နီးစပ်သူအချို့၏ ပြောပြချက်အရ သိရသည်။

“မြို့အဝင် ဂိတ်မှာတော့ လမ်းသွားလမ်းလာ ၆ ယောက်ကို ခေါ်စစ်နေတာ တွေ့ခဲ့တယ်။ ဖမ်းခေါ်သွားလား ဆို တာတော့ အသေအချာ မသိဘူး။ ကိုယ့်ဘက် လှည့်မလာခင် နောက်ပြန်လှည့်ခဲ့တယ်” ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ EPC ရုံးဝန်ထမ်းများက မီတာ မဆောင်နိုင်သည့် ဒေသခံများ၏ နေအိမ်များမှ မီတာကို ဖြုတ်မည် ဟု ခြိမ်းခြောက် အကြပ်ကိုင်မှုများ လုပ်သည့်အတွက် အဆိုပါ ဖေါက်ခွဲမှုကို ဒေးဒရဲမြို့နယ် ပြည်သူ့ ကာကွယ် ရေးအဖွဲ့က လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

NUG ၏ ဧရာဝတီတိုင်း စစ်ဒေသ ကွပ်ကဲရေး အဖွဲ့က နန်းထိုက်အောင် စစ်ဆင်ရေး တစ်ခု အဖြစ် အဝေးထိန်း စနစ်ဖြင့် ဗုံးဖေါက်ခွဲ ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးတွင် ဒီဇင်ဘာလ ၁၀ ရက်နေ့၊ နံနက် ၄ နာရီခွဲဝန်းကျင် အချိန်ခန့်က ဗုံးပေါက် ကွဲခဲ့ခြင်း ဖြစ်သည်ဟု ဒေးဒရဲမြို့ခံများက ပြောသည်။

ထို့ကြောင့် NUG ကာကွယ်ရေးဝန်ကြီးဌာနက ချမှတ်ထားသည့် စစ်ရေး ရည်မှန်းချက်များ အတိုင်း လေးစား လိုက်နာကာ ပြည်သူများအပေါ် ဖိနှိပ်မှုများ ပြုလုပ်နေသည့် စစ်ကောင်စီ လက်အောက်ခံ ထောက်တိုင်များကို ဆက်လက် တိုက်ခိုက်သွားမည် ဟု သတင်းထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။