ဖမ်းဆီးထားသော Non-CDM ဝန်ထမ်းများကို NUG လက်အောက်ခံ ရဲတပ်ဖွဲ့ အမှုဖွင့်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်။
စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို့နယ်တွင် စစ်ကောင်စီ ထောက်တိုင် Non-CDM ဝန်ထမ်း ၃ ဦးအား ကလေး မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ (KPS) မှ ဖမ်းဆီးကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ၊ နိုင်ငံတော်ပုန်ကန်မှုပုဒ်မ တို့ ဖြင့် အမှုဖွင့် တရားစွဲဆိုထားသည်ဟု တာဝန်ရှိသူများက ပြောသည်။
ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက်ရှိ BMB KTV နှင့် မာဆပ်တွင် ရောက်ရှိနေသော ကလေးခရိုင် မြန်မာ့ စီးပွား ရေးဘဏ် မန်နေဂျာ ဦးထွန်းထွန်းနိုင်၊ အငယ်တန်းစာရေး ငြိမ်းခန့်ဇော်နှင့် တပ်ကြပ်မင်းဇော်ဦးတို့အား ပြည်သူ များ၏ သတင်းပေးမှုဖြင့် သွားရောက်ဖမ်းဆီးခဲ့သည်ဟု KPS တာဝန်ရှိသူများ က ပြောသည်။
KPS မှ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက “ကျနော်တို့ တရားစီရင်ရေး ပြောတဲ့အတိုင်းပါပဲ။ အမျိုးသား ညီ ညွတ်ရေး အစိုးရ လက်အောက်မှာ ရဲစခန်းတွေ ရှိတယ်ပေါ့နော်။ ဒီရဲစခန်းတွေမှာ အမှုဖွင့်မယ်။ တရားစွဲမယ် ပေါ့နော်။ ပေါ်ပေါက်တယ်ဆိုရင်တော့ ပေါ်ပေါက်ချက်အတိုင်းပဲ တရားဥပဒေ လမ်းကြောင်းအတိုင်းပဲ တရားစွဲ ထောင်ချတဲ့ ဖြစ်စဉ်ပေါ့နော်။ အဲဒီ Process ကို သွားမှာပါ” ဟု ပြောသည်။
အဆိုပါ Non – CDM ဝန်ထမ်း ၃ ဦးအား ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၀ ရက်နေ့ နေ့လည် ၁ နာရီ အချိန်ခန့်တွင် ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ KPS မှ ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ဖမ်းဆီးစဉ်တွင် တပ်ကြပ် မင်းဇော်ဦးမှာ သေနတ် ဖြင့်ပစ်ကာ ပြန်လည်ခုခံသဖြင့် အသေပစ်ခတ် ဖမ်းဆီးခဲ့သည်ဟု ပြောသည်။
KPS အနေဖြင့် ကလေးမြို့နယ်အတွင်း စစ်ကောင်စီ ထောက်တိုင် Non-CDM ဝန်ထမ်းများအား ဖမ်းဆီးအရေး ယူမှုမှာ ယခု ပထမဆုံးအကြိမ် ဖြစ်ပြီး ကလေးမြို့နယ်အတွင်း စစ်ကောင်စီထောက်တိုင် Non-CDM ဝန်ထမ်း မှန်သမျှကို ဖမ်းဆီးသွားမည်ဟု တာဝန်ရှိသူများက ပြောသည်။
“အကြမ်းဖက်စစ်ကောင်စီကို ပုခုံးထမ်းထားတဲ့ ကျွန်ရူးလို့ ပြောရမှာပေါ့နော်။ အဲ့လို လူမျိုးတွေ ဖမ်းမိရင်တော့ အခုနက ပြောတဲ့အတိုင်း အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူဖို့ ရှိပါတယ်” ဟု ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။
လက်ရှိတွင် ဖမ်းမိထားသူ ၂ ဦးအား အမျိးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ် ရေး ဝန်ကြီးဌာန၊ ပြည်သူ့ရဲချုပ်ရုံး၏ ညွန်ကြားချက်အရ ကလေးမြို့နယ် တရားသူကြီးအဖွဲ့တွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂-က၊ နိုင်ငံတော်ပုန်ကန်မှု ရာဇသတ်ကြီးပုဒ်မ ၁၂၄-ခတို့ဖြင့် အမှုဖွင့် တရားစွဲဆို ထားသည်ဟု သည်။
တရားခံများ မည်သို့ ချုပ်နှောင်ထားသည်ကို မေးမြန်းရာတွင်လည်း “ကောင်းကောင်းမွန်မွန်ပါပဲ။ နိုင်ငံတကာ စံချိန်စံညွှန်း လူ့အခွင့်အရေးနဲ့အညီပဲ ထားထားပါတယ်” ဟု ဆက်ပြောသည်။
KPS အဖွဲ့အစည်းသည် ကလေးမြို့နယ်အတွင်း ပြည်သူများလာရောက် တိုင်ကြားသော ရာဇဝတ်မှုများကို အရေး ယူဆောင်ရွက်လျက်ရှိပြီး ပြီးခဲ့သည့် အောက်တိုဘာလ ၂၂ ရက်နေ့တွင်လည်း မူးယစ်ဆေးဝါး ၅၁ ဂရမ်၊ ဖုန်း ၃ လုံး၊ ငွေကျပ် ၁၇၁,၀၀၀ နှင့် မူးယစ်တရားခံ ၃ ဦးတို့ကို ဖမ်းဆီးခဲ့သေးသည်ဟု တာဝန်ရှိသူက ပြောသည်။
ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ KPS အနေဖြင့် ရှေ့ဆက်၍ ကလေးမြို့နယ်အတွင်း တရားဥပဒေစိုးမိုးမှု ရရှိရန် ကြိုးစားသွားမည်ဖြစ်ကြောင်းကို ယခုကဲသို့ ဆက်ပြောသည်။
“အမျိုးသားညီညွတ်ရေး အစိုးရရဲ့ လမ်းညွှန်ချက်နဲ့အညီ တရားဥပဒေ စိုးမိုးရေး လုပ်ငန်းတွေကို ကျနော်တို့ လုပ် နေပြီပေါ့။ ပြည်သူတွေကလည်း ဒီအဖွဲ့အစည်းတွေရှိမှန်း သိပါတယ်။ အရင်တုန်းက ဖြစ်ခဲ့တဲ့ ရာဇဝတ် မှုတွေ ရော လာပြီး တိုင်ကြားခဲ့တဲ့ အနေအထားတွ ရှိတယ်ပေါ့နော်။ ပြည်သူတွေအနေနဲ့ လုံခြုံမှုနဲ့ တရားဥပဒေ စိုးမိုးမှု ကို အနှေးနဲ့အမြန် တော်လှန်ရေးနဲ့အတူ ပြန်ခံစားရမှာပါ။”
KPS အဖွဲ့အစည်းအား စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့တွင် CDM ရဲတပ်ဖွဲ့ အုပ် ချုပ်ရေး ကောင်စီ၏ ဦးဆောင်မှုဖြင့် CDM ရဲတပ်များနှင့် စေတနာ့ဝန်ထမ်း (Volunteer) တို့ ပူးပေါင်းဖွဲ့စည်းခဲ့ ခြင်း ဖြစ်သည်။
သို့သော် NUG အစိုးရ၏ တရားဝင် အသိမှတ်ပြု အမိန့်စာရ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့ရောက်မှသာ တရားဝင် ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ (KBS) အနေဖြင့် ဖွဲ့စည်းခဲ့ခြင်းသည်ဟု ဆိုသည်။
KPS အနေဖြင့် NUG လက်အောက်ခံ ရဲတပ်ဖွဲ့ဟု ဆိုသော်လည်း ထောက်ပံ့မှု အနည်းငယ်သာ ရရှိထားပြီး အများ စုမှာ ကလေးမြို့နယ် ပြည်သူများ၏ ထောက်ပံ့မှုဖြင့် ရပ်တည်နေရသည်ဟုလည်း တာဝန်ရှိသူက ပြောသည်။