ဆိုင်ကယ် သမားနှင့် ခရီးသည်ကိုလည်လှီးပြီး ဆိုင်ကယ်လု
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်။
မော်လမြိုင်မြို့တွင် ဆိုင်ကယ် taxi သမားနှင့် ခရီးသည် အမျိုးသမီး တစ်ဦး လည်လှီးခံရပြီး ဆိုင်ကယ်လုခံရသည်ဟု ဒေသခံ လူမှုကယ်ဆယ်ရေးအဖွဲ့က တာဝန်ရှိသူများက ပြော သည်။
ဆိုင်ကယ် taxi သမားတွင် လည်ပင်း ပြတ်ရှဒဏ်ရာတစ်ချက်နှင့် ရင်ဘတ် ထိုးသွင်းဒဏ်ရာတစ်ချက် ရရှိထား သည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။
ခရီးသည် အမျိုးသမီးမှာ လည်ပင်းတွင် ပြတ်ရှဒဏ်ရာ တစ်ချက်နှင့် နားရွက်ပြတ်ရှ ဒဏ်ရာတစ်ချက် ရရှိသည် ဟုလည်း လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
လူမှုကယ်ဆယ်ရေးတာဝန်ရှိသူတစ်ဦးက ”လူပြတ်တဲ့နေရာမှာ လုပ်ကြံခံရတာ ဆိုင်ကယ်သမားနဲ့ ခရီးသည် အမျိုးသမီးကို ဓားနဲ့ လှီးပြီးတော့ ဆိုင်ကယ်လု ယူသွားတယ်။ လုပ်ကြံတဲ့လူက Taxi သမားနဲ့ အသိမိတ်ဆွေပဲလို့ သိရတယ်” ဟု ပြောသည်။
ဒီဇင်ဘာလ ၁၁ ရက်နေ့၊ ည ၁၁ နာရီ ၅၀ မိနစ်အချိန်ခန့် အုတ်ဖို မြို့ပတ်လမ်းပေါ်တွင် ဆိုင်ကယ် Taxi သမား တစ်ဦး နှင့် အမျိုးသမီးတစ်ဦး လဲကျနေသည်ကို လူမှုကယ်ဆယ်ရေးအဖွဲ့၏ အကူအညီဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ သည်။
အဆိုပါ လုယက်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ကျူးလွန်က လွတ်မြောက်နေဆဲဖြစ်သည်။
သက်ဆိုင်ရာကတော့ ကျူးလွန်သူကို ဖမ်းဆီးရမိနိုင်ရေး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု သိရသည်။
ပြီးခဲ့သည့်လကလည်း မော်လမြိုင်မြို့ သာယာအေးရပ်ကွက် ဘဲကုန်းရပ်နေ ဆိုင်ကယ် Taxi မောင်းနှင်သူ အမျိုးသားတစ်ဦး အသတ်ခံရပြီး မော်တော်ဆိုင်ကယ်လုယူခံရသည့်ဖြစ်စဥ် ဖြစ်ပွားခဲ့သည်။
မော်လမြိုင်မြို့ပေါ်တွင် လူသတ်ပြီး ဆိုင်ကယ်လုယက်သည့် ဖြစ်စဥ်များ ဆက်တိုက်ဖြစ်ပွားနေပြီး အထူးသဖြင့် ဆိုင်ကယ် Taxi များကို ပစ်မှတ်ထား လုပ်ဆောင်နေသည်ဟု မြို့ခံများက ပြောသည်။