မတ္တရာတွင် ခြိမ်းခြောက်၍ တပ်ထောက်ခံပွဲ လုပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်။

မန္တလေးတိုင်း ဒေသကြီး၊ အောင်မြေသာစံ ခရိုင်၊ မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်များမှ ကျေးလက်နေ ပြည် သူများအား အတင်းအဓမ္မ ခြိမ်းခြောက်စေခိုင်း၍ တပ်ထောက်ခံပွဲ ပြုလုပ်ခဲ့သည်ဟု မန္တလေးမြို့ခံများက ပြော သည်။

မတ္တရာမြို့နယ်၊ ကျေးရွာများမှ တစ်အိမ်တစ်ယောက်နှုန်း မလာမနေရ သေနတ်ဖြင့် ခြိမ်းခြောက် ခေါ်ယူပြီး ကာ လူအင်အား ၃၀၀ ခန့်ဖြင့် ဒီဇင်ဘာလ ၁၂ ရက်နေ့၊ နံနက် ၁၀ နာရီဝန်းကျင် အချိန်ခန့်တွင် မြို့နယ်ထွေအုပ်ရုံး ရှေ့ တွင် ဆန္ဒပြခဲ့သည်ဟု မြို့ခံပြည်သူများက ပြောသည်။

မတ္တရာမြို့နယ် ပင်းလည်အင်းကျေးရွာခံ အသက် ၄၀ အရွယ်အမျိုးသား တစ်ဦးက “ပိုက်ဆံ တစ်သောင်းလည်း ရမယ်။ ဆန်တစ်ပြည်လည်းရမယ် ဆိုတော့ အစိမ်းတွေက ပြီးသွားတာပေါ့။ ကျနော်တို့ကတော့ မလိုက်ချင်လို့ လည်း မရဘူးလေ။ တစ်အိမ်ချင်းစီ သေနတ်နဲ့ စစ်သားတွေ လာခေါ်တာ။ ၁၁ ရက်နေ့လောက် ကတည်းက ရွာ မှာ လိုက်အော်နေတာ။ အဲတုန်းကတော့ မသွားလည်း ရမယ်ထင်တာပေါ့။ မနေ့ကျတော့ မလိုက်လို့မှ မရတာ။ သူတို့က သေနတ်နဲ့လေ” ဟု ပြောသည်။

တပ်ထောက်ခံပွဲတွင် ပါဝင်သူများမှာ စစ်ကောင်စီတပ်မှ မလာမနေရ ခြိမ်းခြောက်ခေါ်ထားသော ကျေးရွာနေ ပြည်သူများသာ ဖြစ်ပြီး အချို့မှာ မြို့ပေါ် နေ အရက်သမားများနှင့် “ဂျွန်” အုပ်လုပ်ငန်းမှ နေ့စားအလုပ်သမားများ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။ ထို့အပြင် ပါဝင်သူများကို ဆန်တစ်ပြည်နှင့် ငွေကျပ် ၅,၀၀၀ မှ ၃၀,၀၀၀ ကြား လူဦးရေပေါ်မူတည်၍ ပေးဝေခဲ့ပြီး နေ့လည်စာအဖြစ် ကြက်ဆီထမင်း ကျွေးမွေးခဲ့သည်ဟု ဆိုသည်။

“ကျနော်တို့တော့ တစ်သောင်းရတယ်။ အရက်သမားတွေကတော့ ၃,၀၀၀ ပဲ ရတယ်ပြောတယ်။ စည်းရုံးပေးတဲ့ လူတွေတော့ ၃၀,၀၀၀ ရတယ်ပြောတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

တပ်ထောက်ခံပွဲတွင် ပါဝင်သော လူအုပ်ကြီးမှာ မတ္တရာမြို့ပေါ် ဘုန်းကြီးကျောင်းမှ “အကြမ်းဖက် CRPH အလို မရှိ၊ အကြမ်းဖက် PDF အလိုမရှိ၊ အကြမ်းဖက် PDF အလိုမရှိ” ဟု ဆန္ဒပြကြွေးကြော်ကာ ချီတက်လာပြီးနောက် မတ္တရာဈေးကြီးဘက်သို့ သပိတ်စီတန်းလှည့်ကာ ပြီးဆုံးခဲ့ကြသည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။

တပ်ထောက်ခံပွဲ စတင်သည့် အချိန်မှစ၍ ပြီးဆုံးချိန်အထိ စစ်ကောင်စီ တပ်သားများနှင့် ၎င်းတို့လက်အောက်ခံ ရဲတပ်ဖွဲ့မှ လုံခြုံရေး ယူပေးထားသည်ဟုလည်း မြင်တွေ့ခဲ့ရသည့် မြို့ခံပြည်သူများက ပြောသည်။

တပ်ထောက်ခံပွဲများမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက တာချီလိတ်မြို့တွင် ဗုံးပေါက်ကွဲပြီး နောက် နိုင်ငံအဝန်းတွင် ပျောက်ကွယ်သွားသည်ဖြစ်ရာ ယခု မတ္တရာမြို့တွင် တပ်ထောက်ခံပွဲ ပြန်လုပ်ခြင်းမှာ မတ္တရာမြို့နယ် PDF ရန်များမှ ကာကွယ်ရန် လူသားဒိုင်း ပြုလုပ်ခြင်းဖြစ်သည်ဟုလည်း မြို့ခံပြည်သူများမှ ဝေဖန်ပြောဆိုနေကြသည်။

မတ္တရာမြို့သည် ရပ်ကွက် ၅ ခုသာရှိပြီး မြို့နေလူဦးရေ ၁၀% ခန့်သာ ရှိသည်ဖြစ်ရာ အများစုမှာ ကျေးလက်နေ ပြည်သူများ ဖြစ်သည်။

ထို့ကြောင့် စစ်ကောင်စီ တပ်များက မသိနားမလည်သည့် ကျေးလက်နေ ပြည်သူများကို ခြိမ်းခြောက်ခေါ်ယူကာ ၎င်းတို့ကို ပြည်သူများက ထောက်ခံနေသယောင် နိုင်ငံတကာအား ပြသလို၍ ဖြစ်သည်ဟုလည်း မြို့ခံပြည်သူများ က ပြောဆိုနေကြသည်။