သတင်းပေးဆိုသူ ရာအိမ်မှူးတစ်ဦး နေအိမ်တွင် ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်။

စစ်ကောင်စီ သတင်းပေးဆိုသူ ရာအိမ်မှူး တစ်ဦး ရေဖြူမြို့နယ်အတွင်းရှိ ၎င်း၏ နေအိမ် တွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည်ဟု ဒေသခံရွာသားများက ပြောသည်။

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပုဂေါဇွန်းကျေးရွာတွင် စစ်ကောင်စီက ကျေးရွာ ရာအိမ်မှူးအဆင့် ပေးခံထားရသူ ကိုနေလင်းဦးသည် နေအိမ်တွင် ရှိနေစဉ် အမည်မသိ လူ ၁၀ ဦးခန့်ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ခြင်း ဖြစ် သည်။

“သေနတ်သံက ၃ ချက် ပစ်ခတ်တဲ့ အသံကြားရတယ်။ ချက်ခြင်းတော့ သွားမကြည့်ရဲပါဘူး။ အိမ်ထဲမှာ ကြောက်လို့ ပုန်းနေရတာ။ PDFတွေ ပြန်ထွက်သွားပြီးမှ သွားကြည့်တာ ခေါင်းမှာ ၂ ချက်နဲ့ ဗိုက်မှာ တစ်ချက် ကျည် ထိထားတယ်” ဟု အသက် ၅၀ ခန့်အရွယ် ရွာသားတစ်ဦးက ပြောသည်။

ပုဂေါဇွန်းကျေးရွာ က ရာအိမ်မှူး ကိုနေလင်းဦး ဆိုသူ ဒီဇင်ဘာလ ၁၂ ရက်နေ့၊ နံနက် ၇နာရီခွဲ အချိန်ခန့်က ပစ် သတ်ခံလိုက်ရခြင်း ဖြစ်သည်။

အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ T-PDF၊ ထားဝယ်(ပကဖ) DGRFနှင့် လောင်းလုံး LLPDF တို့က ပူးပေါင်းရှင်းလင်းခဲ့သည်ဟု ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် LLPDF တပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသည်။

သေဆုံးသူ ကိုနေလင်းဦးသည် ကျေးရွာအနီးဝန်းကျင် ဥယျာဉ်ခြံ၊ တောတောင်များအတွင်း ဒေသခံ PDF အဖွဲ့များ ၏ လှုပ်ရှားနေမှုများနှင့် ကျေးရွာအတွင်း စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှုတို့တွင် ပါဝင်ခဲ့သူများကို အမြဲ တစေ လေ့လာစုံစမ်းကာ စစ်ကောင်စီထံ သတင်းပေးပို့နေလေ့ရှိသူ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီဘက်မှ စစ်ကြောင်းထိုး ရောက်ရှိလာလျှင်လည်း လမ်းပြပေးခြင်းနှင့် ရိက္ခာရှာဖွေ ထောက်ပံ့ပေး ခြင်းများ ပြုလုပ်နေလေ့ရှိသည်ဟု ရွာသားများက ဆိုသည်။

ရာအိမ်မှူး ကိုနေလင်းဦး ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် နီးကပ်စွာ နေထိုင် ခြင်း မပြုရန် အပြင် သတင်းပေး လမ်းပြများ ပြုလုပ်နေသည်ကို ဆက်လက် မလုပ်ကိုင်ရန် အကြိမ်ကြိမ် သတိ ပေးထားခဲ့သော်လည်း လိုက်နာခြင်း မရှိပါသဖြင့် ယခုကဲ့သို့ သုတ်သင်ရှင်းလင်းလိုက်ရခြင်း ဖြစ်သည်ဟု LLPDF တပ်ဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းရေးသားထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလမှ ယခုဒီဇင်ဘာလဝက် အချိန်ထိ အချိန် ၂လတာ နီးပါးကာလအတွင်း ရေဖြူမြို့နယ် တွင် ထောက်လှမ်းရေး စစ်သား ၂ ဦး၊ ပျူစောထီး ၁ ဦးနှင့် သတင်းပေး ၁ ဦး၊ စုစုပေါင်း ၄ ဦး အထိ သေဆုံးခဲ့ သည်ဟု ဒေသခံများက ပြောသည်။