ထားဝယ်ရှိ ပျူစောထီး စခန်းတစ်ခုကို ဒေသခံ PDF များ စီးနင်းတိုက်ခိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်။
ထားဝယ်ခရိုင်အတွင်း ပျူစောထီး စခန်း တစ်ခု ဗုဒ္ဓဟူးနေ့က တိုက်ခိုက်သိမ်းပိုက်ခံရပြီး သေဆုံးမှုများလည်း ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
သရက်ချောင်းမြို့နယ် ထားဝယ် – ပုလော ကားလမ်းပေါ်ရှိ ပဲဒက်ကျေးရွာတွင် ပျူစောထီး စခန်းတွင် စစ်ကောင်စီတပ်မှ လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီးအဖွဲ့ ဝင် အယောက် ၃၀ ခန့်ရှိပြီး ၎င်းတို့ကို ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF များက လာရောက် တိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်။
“PDF တွေ ဘက်မှာ အင်အားက မနည်းဘူး။ တစ်ရာလောက်ရှိတာ။ မိုးတောင် မလင်းသေးဘူး။ လက်နက်ကြီးနဲ့ သေနတ်သံတွေ ဆူညံနေတာ။ ရွာသားတွေ အိမ်ထဲပုန်းနေကြရတာ။ တချို့တွေကတော့ နီးစပ်ရာ ဥယျာဉ်ခြံတွေ ထဲ ဝင်ပြေးပြီး ရှောင်နေကြရတာ” ဟု အသက် ၅၀ ခန့်အရွယ် ပဲဒက်ရွာသားတစ်ဦးက ပြောသည်။
ဒီဇင်ဘာလ ၁၄ ရက်နေ့၊ နံနက် ၅ နာရီခန့်က ဝင်ရောက် တိုက်ခိုက်ခံရပြီးနောက် ထိုနေ့ မွန်းတည့် ၁၂ နာရီ အချိန် ထိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့ တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် ပျူစောထီးအဖွဲ့များဘက်က ထိခိုက် သေဆုံးမှုများရှိခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောစည်။
ထိုတိုက်ခိုက်ခံရမှုအတွင်း ပျူစောထီးအဖွဲ့ဝင်များ သေဆုံးသူများနှင့် ထွက်ပြေးသွားသူများ ရှိခဲ့ကာ အရှင် ဖမ်း ဆီးရမိထားသူ ၄ ဦး ရှိပြီး လက်နက်များနှင့် အတူ PDF တပ်ဖွဲ့များက စခန်းကို သိမ်းပိုက်နိုင်ခဲ့သည်ဟု ဒေသခံတစ် ဦး က ဆိုသည်။
နှစ်ဘက်ပစ်ခတ်မှု တိုက်ပွဲအတွင်း ရွာသားတစ်ဦး လက်နက်ကြီးစ ထိမှန်ခံထားရကာ အခြား ဒေသခံတစ်ဦး လည်း သေနတ်ကျည် ထိမှန်ခံထားရသည်ဟု ဆိုသည်။
ထို့အပြင် ပျူစောထီးအဖွဲ့ဝင်များထံမှ သိမ်းဆည်းရမိခဲ့သည့် လက်နက်အရေအတွက်နှင့် ထိခိုက် သေဆုံးမှုကိုမူ အသေးစိတ် မသိရှိရသေးဘူးဟု ဒေသခံများက ဆိုသည်။
နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုကြောင့် မြိတ် – ထားဝယ်သွား ခရီးသည် တင်ကားနှင့် ဆိုင်ကယ်များ မွန်းလွဲပိုင်း အချိန်ထိ လမ်းကြောင်း ပိတ်ဆို့မှုများ ဖြစ်ပွားခဲ့သေးသည်ဟုလည်း ပြောသည်။
ဒီဇင်ဘာလ ၁၄ ရက်နေ့၊ ညနေ ၅ နာရီအချိန်ခန့်ကလည်း သရက်ချောင်းမြို့ဘက်မှ ပဲဒက် ပျူစောထီးစခန်းသို့ စစ်ကူရန်လာသည့် စစ်ကောင်စီ ယာဉ်တန်းကို ဝဲရစ်ကျေးရွာအနီး ရောက်ရှိလာချိန် PDF အဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့သေးသည်။
ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခံရမှုအတွင်း နှစ်ဖက်ကြားတွင်လည်း အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သေးသည်ဟု ဒေသခံများက ပြောသည်။
ထို စစ်ကောင်စီ ယာဉ်တန်း ပဒေသာမိုင်းတစ်လုံးနှင့် ရှော့တိုက် မိုင်းတစ်လုံး ဖေါက်ခွဲ တိုက်ခိုက်ခံခဲ့ရပြီး နှစ် ဘက်ကြား အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။