မော်လမြိုင်-ရန်ကုန် ရထားများ ရပ်နားထားရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်။
ကုန်တင်ရထား မိုင်းဆွဲခံရပြီး ရထားလမ်းပိုင်များ ပျက်စီးသွားသဖြင့် ရန်ကုန်-မော်လမြိုင်ရထားများ ရပ်နားထားရသည်ဟု ဒေသခံများက ပြောသည်။
ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်း သိမ်ဆိပ်နှင့် ဒုံးဝန်းဘူတာကြားတွင် ဒီဇင်ဘာလ ၁၃ ရက်နေ့၊ ည ၇ နာရီခွဲ အချိန်ခန့်က ကုန်တင်ရထား မိုင်းဆွဲခံရ ပြီး ရထားလမ်းပိုင်း ပျက်စီးသွားသည်ဟု ဒေသခံများက ပြောသည်။
“မိုင်းဆွဲခံရတာက ကုန်ရထားဖြစ်တယ်။ ရထားနဲ့ လမ်းကတော့ ပျက်စီးသွားတယ်၊ အခု ပြင်နေကြရလို့ ရထား ခရီးစဥ်တွေ ရပ်ထားရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ရထားလမ်းပိုင်း ပြုပြင်နေရသည့်အတွက် ရန်ကုန်-မော်လမြိုင် အစုန်အဆန် ညရထားနှင့် နေ့ရထားခရီးစဥ်များ ဖျက်သိမ်းထားရခြင်း ဖြစ်သည်။ ရထားခရီးစဉ်များ ဖျက်သိမ်းထားရသည့် ကိစ္စနှင့် ပတ်သက်၍ မြန်မာ့ မီးရထား ဌာနကလည်း သတင်းထုတ်ပြန်ထားသည်။
ယခုအချိန်အထိ ပျက်စီးသွားသော ရထားလမ်းပိုင်းကို ပြင်ဆင်၍ မပြီးသေးကြောင်း လမ်းပိုင်းအမြန်ဆုံး ဖွင့် လှစ်နိုင်ရန်အတွက် အစွမ်းကုန် ကြိုးပမ်းလျက်ရှိကြောင်း မြန်မာ့မီးရထားက ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ထုတ် ပြန်ထားသည်။
ရန်ကုန် – မော်လမြိုင် မီးရထားခရီးစဉ်များ ထွက်ခွာနိုင်ခြင်းမရှိသည့်အတွက် လက်မှတ်ဝယ်ယူထားသော ခရီး သည်များအား လက်မှတ်ခများ ပြန်လည် အမ်းပေးခဲ့သည်ဟု ခရီးသွားပြည်သူများက ပြောသည်။
”ရထားမထွက်ဖြစ်လို့ လက်မှတ်ခတွေ ပြန်အမ်းပေးတယ်။ ပြန်ပြေးဆွဲမယ့်နေ့ကို ပြန်ကြေညာပေးမယ် လို့ တော့ ပြောတယ်” ဟု ခရီးသွားတစ်ဦးက ပြောသည်။
ယခုနှစ် ဇူလိုင်လတုန်းကလည်း မော်လမြိုင် – ရန်ကုန် – မော်လမြိုင် အစုန်ရထား မိုင်းဆွဲတိုက်ခံရသည့် ဖြစ်စဥ် တစ်ခု ရှိခဲ့သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ရန်ကုန် – မော်လမြိုင် ရထားလမ်းပိုင်းတွင် ရထားမိုင်းဆွဲ ခံရသည့်ဖြစ်စဥ်၊ ရထားလမ်း မိုင်းခွဲခံရသည့်ဖြစ်စဥ် မကြာခဏဖြစ်ပွားနေသည်ဟု ဒေသခံများက ဆိုသည်။
သိမ်ဆိပ်နှင့် ဒုံးဝန်းဘူတာကြားတွင် ဒီဇင်ဘာလ ၁၃ ရက်နေ့က ကုန်တင်ရထား မိုင်းဆွဲတိုက်ခိုက်ခံရသည့် ကုန် တင်ရထားကို မည်သည့်အဖွဲ့အစည်းက မည်သည့်အကြောင်းအရာကြောင့် တိုက်ခိုက်ခဲ့သည်ကိုမူ မသိရသေး ပေ။
အလားတူ မည်သည့်အဖွဲ့အစည်းကမှလည်း ကုန်တင်ရထား မိုင်းဆွဲတိုက်ခိုက်ခံမှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးဘူး။