ရေးအခြေစိုက် အမြောက်တပ်ကို ရေးဘီလူးအဖွဲ့ဝင်တိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်။
မွန်ပြည်နယ်၊ ရေးမြို့နယ် အခြေစိုက် အမြောက်တပ်ကို ရေးဘီလူးအဖွဲ့က လက်နက်ကြီးများနှင့် ဝင်ရောက် ပစ် ခတ်တိုက်ခိုက်ခဲ့သည် ဟု ရေးဘီလူးအဖွဲ့က ပြောသည်။
ဒီဇင်ဘာလ ၁၆ ရက်နေ့၊ နံနက် ၉ နာရီခွဲ အချိန်ခန့်က ရေးမြို့နယ်အခြေစိုက် အမြောက်တပ်ကို ၇၉ လက်နက်၊ ၄၀-မမတို့ဖြင့် သွားရောက်ပစ်ခတ်ခဲ့သည်ဟု ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။
ရေးဒေသခံတစ်ဦးက “အမြောက်တပ်ဘက်မှာ သေနတ်သံတွေကြားရတာ ဟုတ်တယ်၊ အပစ်ခံရတာလား တိုက် ပွဲလားတော့ ကျနော်တို့လည်း မသိဘူး၊ အသွားအလာတော့ သတိထားနေရတယ်” ဟု ပြောသည်။
ရေးမြို့နယ်အခြေစိုက် အမြောက်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာတွင် အမြောက်တပ်ဘက်က ပြန်လည် ပစ်ခတ် မှုရှိခဲ့သော်လည်း ရေးဘီလူးအဖွဲ့က အထိအခိုက်မရှိပဲ ပြန်လည်းဆုတ်ခွာခဲ့သည်ဟု ထုတ်ပြန်ထားသည်။
ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က “ရေးမြို့နယ်က အမြောက်တပ်ကို ရေးဘီလူးအဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့တာ ဖြစ်တယ်။ သူတို့ဘက်ကလည်း နာရီဝက်နီးပါးလောက် ကျနော်တို့ကို ပစ်ခတ်ခဲ့တယ်။ ကျနော်တို့ကတော့ ထိ ခိုက်မှုမရှိပဲ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်” ဟု ပြောသည်။
အမြောက်တပ် ပစ်ခတ် တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိသည်ဟု ရေးဘီလူး အဖွဲ့က ထုတ်ပြန် ပြောဆိုထားသော်လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။
စစ်ကောင်စီဘက်ကလည်း ရေးမြို့နယ်အခြေစိုက် အမြှောက်တပ်တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပါ။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၃ ရက်နေ့ကလည်း ရေးမြို့မရဲစခန်း စခန်းမှူးနှင့် တပ်သားနှစ်ဦးကို ရေးဘီလူးအဖွဲ့က ပစ် ခတ်ရှင်းလင်းခဲ့ သေးသည်။
ရေးဘီလူးအဖွဲ့သည် ရေးမြို့နယ်အတွင်းက စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များကို မကြာခဏ ပစ်ခတ် ရှင်းလင်းလေ့ရှိသည့် အပြင် ဌာနဆိုင်ရာရုံးများ၊ ရဲစခန်းများနှင့် စစ်ဆေးရေး ဂိတ်များကိုလည်း မကြာခဏ ဝင်ရောက် တိုက်ခိုက်လေ့ ရှိသည်။
ထို့အပြင် ရပ်ကျေး အုပ်ချုပ်ရေးမှူးများ၊ အရပ်သား ဝန်ထမ်းများနှင့် စစ်ကောင်စီ သတင်းပေး ဒလန် ဟု သတ် မှတ် ခံထားရသည့် လူများကိုလည်း မကြာခဏ ပစ်ခတ်ရှင်းလင်းလေ့ ရှိသည်။
ရှေ့ဆက်လည်း စစ်ကောင်စီ သတင်းပေး ဒလန်များကို ပစ်ခတ်ရှင်းသွားမည် ဟု ရေးဘီလူးအဖွဲ့က ထုတ်ပြန် ထားသလို အုပ်ချုပ်ရေးမှူးများနှင့် CDM မပြုလုပ်သော ဝန်ထမ်းများကိုလည်း လုပ်ငန်းတာဝန်များမှ နှုတ်ထွက် ကြရန်နှင့် စစ်ကောင်စီနှင့် မပူပေါင်းရန် သတိပေး ထုတ်ပြန်ထားသည်။
စစ်ကောင်စီကလည်း ရေးဘီလူးအဖွဲ့ကို ဖမ်းဝရမ်းထုတ်ထားပြီး သတင်းပေးသူကို ဆုကြေးငွေပေးမည်ဟု တန် ပြန် သတင်းထုတ်ပြန်ထားသည်။