သတင်းပေး သတ်ခံရမှုအတွက် လာသော စစ်ကောင်စီကားအား မိုင်းဆွဲ တိုက်ခိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်။
သတင်းပေး ဆိုသူ ပစ်သတ်ခံရမှုအား လာရောက် စစ်ဆေးသည့် စစ်ကောင်စီကား မကွေးတိုင်းအတွင်း မိုင်းဆွဲ တိုက်ခိုက် ခဲ့သည်ဟု သရက်-မင်းတုန်း-ကံမ ပူးပေါင်း ကာကွယ်ရေး တပ်ဖွဲ့ (Eagle Force) က ထုတ်ပြန်သည်။
မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ လက်ပွကျေးရွာမှ စစ်ကောင်စီသတင်းပေး ဆိုသူ အမျိုးသားတစ်ဦး ပစ်သတ်ခံရမှုကို လာရောက်စစ်ဆေးသည့် စစ်ကောင်စီကားအား မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု (Eagle Force)က သတင်းထုတ်ပြန်ထားသည်။
ရဲနှင့် စစ်သား ၁၀ ဦး ခန့် လိုက်ပါလာသည့် ဖောကားကို ဒီဇင်ဘာ ၁၆ ရက်နေ့၊ နံနက် ၉ နာရီ ၅၆ မိနစ် အချိန်ခန့် တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အသက် ၄၀ အရွယ် လက်ပွရွာသားတဦး ”ပေါက်ကွဲသံကြားတယ်။ ကားထိတာတော့ သေချာတယ် လူသေ မသေတော့ သေချာ မသိဘူး။ သွားမကြည့်ရဲဘူး” ဟု က ပြောသည်။
သြဂုတ်လ ၂၉ ရက်နေ့တွင် စစ်ကောင်စီ သတင်းပေးဆိုသူ ဦးစိုးငြိမ်း၏ သတင်းပေးမှုကြောင့် မှိုက်ကျေးရွာနှင့် လက်ပွကျေးရွာက ဒေသခံရွာသား ၂ ဦး ပစ်သတ်ခံရပြီး ဒေသခံ အယောက် ၄၀ ခန့် ဖမ်းဆီး နှိပ်စက်ခံခဲ့ရပြီး နောက် PDF တပ်စခန်း တခုလည်း စီးနင်းခံခဲ့ရသည်။
အဆိုပါ စီးနင်းခံရမှုအတွင်း PDF တပ်ဖွဲ့ဝင် ၂ ဦးလည်း ကျဆုံးခဲ့သည်။
ထိုကဲ့သို့သော တိုက်ခိုက်ခံရမှုများကြောင့် ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီ သတင်းပေး ဦးစိုးငြိမ်း ဆိုသူကို သရက်-မင်းတုန်း- ကံမ ပူးပေါင်း ကာကွယ်ရေးတပ်ဖွဲ့ (Eagle Force) က ပစ်ခတ်ရှင်းလင်းခဲ့ ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
သရက်မြို့ အဝင် ကာကွယ်ရေးပစ္စည်း ထုတ်စက်ရုံ (ကပစ) တပ်ရင်း ၁၂ ကို သွယ်တန်းထားသည့် လျှပ်စစ်တာ ဝါတိုင်ကိုလည်း ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် သရက်-မင်းတုန်း- ကံမ ပူးပေါင်း ကာကွယ်ရေးတပ်ဖွဲ့ (Eagle Force) မိုင်းခွဲခဲ့ သေးသည်ဟု ဆိုသည်။