ပုသိမ်-ရန်ကုန် လမ်းရှိ ဂိတ်အနီး ဗုံးကွဲ ၊ ဒေသခံ ၁၀ ဦးကျော် ဖမ်းခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်။

ပုသိမ် – ရန်ကုန် ကားလမ်း ဘေးရှိ စစ်ဆေးရေး ဂိတ်အနီး ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့များက ဒေသခံ ၁၀ ဦးကျော်ကို ဖမ်းဆီး လိုက်သည် ဟု ဒေသခံများ က ပြောသည်။

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့ အဝင် မာလာကုန်း လမ်း ဆုံ အဆိုပါ စစ်ဆေးရေး ဂိတ်အနီး ဒီဇင်ဘာလ ၁၄ ရက်နေ့၊ နံနက် ၆ နာရီဝန်းကျင် အချိန်က ပေါက်ကွဲမှု ဖြစ်ပွား ခဲ့ ပြီးနောက် ကန်ကြီးထောင့် မြို့မရပ်ကွက်၊ ဘဲဂရက်၊ မာလာကုန်း လမ်းဆုံက ဒေသခံများကို စစ်ကောင်စီ တပ်ဖွဲ့ ဝင်များက ဒီဇင်ဘာ ၁၄ ရက်နေ့ နှင့် ၁၅ ရက်နေ့တို့တွင် ဆက်တိုက် ဖမ်းဆီးလိုက်ခြင်းဖြစ်သည် ဟု ဒေသခံများ က ပြောသည်။

“ဒလန်က လက်ညှိုးထိုးတာကို သိမ်းကျုံး ဖမ်းနေတာ။ ပေါက်ကွဲမှုတို့ ပစ်ခတ်မှုတို့ မီးလောင်မှုတို့ ဖြစ်တိုင်း PDF တွေ လုပ်တယ် ဆိုပြီး တွေ့တဲ့သူ အစုလိုက် အပြုံလိုက် ဖမ်းတော့တာပဲ” ဟု မြို့ခံ တစ်ဦးက ပြောသည်။.

ကန်ကြီးထောင့် မြို့အဝင်အထွက် စစ်ဆေးရေးဂိတ် အနီးက မလေးရှား ပိတောက်ပင်အောက်တွင် လက်လုပ်ဗုံး တစ်လုံး ပေါက်ကွဲခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရရှိသူမရှိခဲ့ပေ။ သို့သော်လည်း ဒေသခံများကို စစ်ကောင်စီ တပ်ဖွဲ့ ဝင်များက နှစ်ရက်ဆက်တိုက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသူများ ဒေသခံ ၁၀ ဦးကျော်ကို ကန်ကြီးထောင့် ရဲစခန်းတွင် ချုပ်ထားသည် ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူများက ပြောသည်။

ကန်ကြီးထောင့်မြို့နယ် အတွင်းရှိ တော်လှန်ရေး အင်အားစုများက အဆိုပါ ပေါက်ကွဲမှုကို ၎င်းတို့ လုပ်ဆောင်ခဲ့ ခြင်း မဟုတ်ကြောင်း သတင်းထုတ်ပြန်ထားသည် ဟု ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။

မီးသတ် တပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက “ကန်ကြီးထောင့် မြို့နယ်ထဲက ကျောင်းတစ်ကျောင်းမှာ ဗုံးပေါက်ကွဲပြီး မီးလောင်တော့ PDF က ဗုံးခွဲ မီးရှို့တယ် ဆိုပြီး ရွာခံတွေ အများကြီး အဖမ်းခံရဘူးတယ်” ဟု ပြောသည်။

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့တွင် ကန်ကြီးထောင့်မြို့နယ် ရွေးကျေးရွာက အထက်တန်းကျောင်းခွဲတွင် ဗုံး ပေါက်ကွဲခဲ့ပြီး မီးလောင်မှု ဖြစ်ပွားခဲ့စဉ်က ကျောင်းစောင့်၊ လယ်သမားများနှင့် လူငယ်များ အပါအဝင် ဒေသခံ စုစုပေါင်း ၇၀ ကျော်ကို ဖမ်းဆီး ရိုက်နှက်စစ်ဆေးခဲ့ပြီး အချို့ကို အမှုဆင် ထောင်ချခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သည် ဟု ဒေသခံများက ပြောသည်။

ကန်ကြီးထောင့်မြို့နယ် အတွင်း ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုများ၊ ပစ်ခတ်မှုများနှင့် ပတ်သက်၍ သက်သေ အထောက်အထား အခိုင်အမာ မရှိဘဲ စွပ်စွဲဖမ်းဆီး ခံထားရသည့် နိုင်ငံရေး အကျဉ်းသား စုစုပေါင်း အယောက် ၁၀၀ ထက်မနည်း ပုသိမ်ထောင် အတွင်း ရှိနေသည်ဟု ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ ရက်နေ့က လွတ်ငြိမ်းခွင့် ဖြင့် ပြန်လွတ်လာသူများထံမှ သိရသည်။