အမျိုးသမီးငယ် တစ်ဦးထဲရှိစဉ် အိမ်ဓါးပြ တိုက်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်။
ထားဝယ်ခရိုင် လောင်းလုံးမြို့ပေါ်တွင် အမျိုးသမီးငယ် တစ်ဦးတည်း ရှိနေစဉ် နေအိမ်တစ်လုံး ဓားပြတိုက်ခံရပြီး ရွှေ ၁၀ ကျပ်သား နှင့် ငွေကျပ် သိန်း ၃၀ နီးပါး ပါသွားသည်ဟု နီးစပ်သူများက ပြောသည်။
လောင်းလုံးမြို့ပေါ်ရှိ (ဂ) ရပ်ကွက် စောင်းကြိုးလမ်းရှိ နေအိမ်တစ်လုံး ဒီဇင်ဘာ ၁၇ ရက်နေ့၊ နံနက် ၅ နာရီ အချိန်ခန့်က ဓားပြတိုက်ခံရခြင်း ဖြစ်သည်။
“ဓားပြတွေ ဆိုင်ကယ်တွေနဲ့ ပြန်ထွက်သွားမှ ကောင်မလေးက ပတ်ဝန်းကျင်ကို အော်ငိုပြီး အကူအညီတောင်းမှ ဓားပြ တိုက်ခံရမှန်းသိကြတာ။ လက်နက်တော့ မပြဘူးလို့ ပြောတယ်” ဟု ဓားပြတိုက်ခံရသည့် နေအိမ်အနီး နေထိုင်သူ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
ဓားပြတိုက်ခံရသည့် နေအိမ်တွင် ဦးသန်းကြွယ် အသက် ၆၅ နှစ် နှင့် မြေးဖြစ်သူ အသက် ၂၃ နှစ် အရွယ် အမျိုး သမီးငယ်တို့ နှစ်ဦးတည်းသာ နေထိုင်ပြီး အဖိုးဖြစ်သူ နေအိမ်တွင် မရှိချိန် ဆိုင်ကယ်ဖြင့် လူ ၅ ဦး ရောက်ရှိလာ ကာ ဓားပြတိုက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လူ ၅ ဦးသည် အမျိုးသမီးငယ်ကို အော်ဟစ်ခြင်းမပြုရန် ခြိမ်းခြောက်ပြောဆိုကာ ရွှေထည်ပစ္စည်းနှင့် ငွေ များ တောင်းယူ ဓားပြတိုက်သွားခြင်း ဖြစ်သည်။
ထိုနေ့၊ နံနက် ၆ နာရီ ဝန်းကျင် အချိန်ခန့်တွင် ဓားပြတိုက်ခံရသည့် နေအိမ်သို့ လောင်းလုံးရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် များနှင့် စစ်သားအချို့ ရောက်ရှိလာပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ကာ ပြန်သွားသည်ဟု အနီးအနားတွင် နေ ထိုင်သူများက ပြောသည်။
လောင်းလုံးမြို့နယ်အတွင်း စစ်အာဏာသိမ်းပြီးနောက် မကြာခဏ ဆိုသလို ဓားပြတိုက်မှု အများအပြား ရှိလာ
ခဲ့ပြီး အဆိုပါ ဖြစ်စဥ်များတွင်လည်း ကျူးလွန်သူများအား ဖမ်းဆီးရမိခြင်းမျိုးများ မရှိခဲ့သလို စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့တို့ ဘက်မှ အရေးယူ ဖမ်းဆီးခြင်းမျိုးလည်း မရှိခဲ့ဘူးဟု ဒေသခံများက ဆိုသည်။
ဓါးပြ တိုက်သည့် ဖြစ်စဉ်များမှာ မြို့နယ်အတွင်း လုံခြုံရေးတင်းကြပ်ထားသည့် ကြားမှ ဖြစ်ပွားနေကြခြင်း ဖြစ်သည်။