ထားဝယ်တွင် ဒေသခံ PDF နှင့် တိုက်ပွဲဖြစ်၊ စစ်ကောင်စီ ၃ ဦးသေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်း စစ်ကောင်စီတပ် ဖွဲ့နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲအတွင်း စစ်သား ၃ ဦး သေဆုံးခဲ့သည်။

သရက်ချောင်းမြို့နယ် ပိတောက်ကြီးကျေးရွာတွင် တနင်္လာနေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာထဲရှိ လူနေအိမ် ၇ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာသားများလည်း ဘေးလွတ်မည့် နေရာများတွင် ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံများက ပြော သည်။

ပြီးခဲ့သည့်ရက်ပိုင်းက ပဲဒက်ကျေးရွာရှိ ပျူစောထီးစခန်းတခု တိုက်ခိုက်ခံရပြီးနောက် အနီးဝန်းကျင်ကျေးရွာများ ကို နယ်မြေရှင်းလင်းရန်ရောက်ရှိလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သိမ်းငှက်ပြောက်ကျားတပ်ဖွဲ့က ဒီဇင်ဘာက ၁၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ပိတောက်ကြီးကျေးရွာအတွင်း ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ပွဲ အတွင်း စစ်သား ၃ ဦး သေဆုံးပြီး ၁ ဦး ပြင်းထန် ဒဏ်ရာရသွားခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အသက် ၄၀ ခန့်အရွယ် ဥယျာဉ်ခြံလုပ်ကိုင်နေသူ ပဲဒက်ရွာသားတစ်ဦးက “တိုက်ပွဲပြီးတာနဲ့ စစ်တပ်က ပဲဒက်ရွာ ရေပူစမ်းဘက်ကို တောလမ်းအတိုင်း ဝင်သွားကြတယ်။ လမ်းတလျှောက်လုံး လက်နက်ကြီး လက်နက်ငယ်တွေ နဲ့ ရမ်းသမ်းပစ်ပြီးသွားတာ။ လူငယ် တစ်ယောက် လက်နက်ကြီး ကျည်ထိပြီး သေသွားတယ်” ဟု ပြောသည်။

ပိတောက်ကြီးကျေးရွာတွင် ဒီဇင်ဘာ ၁၈ ရက်နေ့၊ နံနက် ၁၀နာရီ အချိန်ခန့်က တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ် ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများရှိခဲ့သောလည်း PDF တပ်ဖွဲ့များဘက်တွင် အထိအခိုက်မရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟု PDF အဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

တိုက်ပွဲဖြစ်ပွားသည့်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြန်ထွက်လာချိန် လူသေ ရုပ်အလောင်း တစ် လောင်းကို ဆွဲလာသည်ကို မြင်တွေ့ကြရသည်ဟု ဒေသခံများက ပြောသည်။

ပိတောက်ကြီးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်းရှိ လူနေ အိမ် ၇ လုံးနှင့် ဆိုင်ကယ် ၂ စီးကိုပါ မီးရှို့ဖျက်ဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

ကျေးရွာအတွင်း တိုက်ပွဲဖြစ်ပွားချိန်မှ စတင်ပြီး ယနေ့အချိန်ထိ ပိတောက်ကြီးကျေးရွာနှင့် အနီးဝန်းကျင် ရှိ ကျေးရွာများမှ ဒေသခံ ရွာသားများသည် စိုးရိမ်ထိတ်လန့်ကာ နီးစပ်ရာ ဥယျာဉ်ခြံများနှင့် တောတောင်များ အတွင်း ထွက်ပြေး တိမ်းရှောင်နေကြရသည်။