ပုသိမ်ထောင်မှ CDM ရဲ ညီအစ်ကိုကို မြောင်းမြထောင်သို့ ပြောင်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်။

ဧရာဝတီတိုင်း၊ ပုသိမ်ထောင်အတွင်း စစ်ကောင်စီက ဖမ်းဆီးထောင်ချထားသည့် ကြံခင်း မြို့မရဲစခန်း က CDM ရဲတပ်သား ညီအစ်ကိုနှစ်ဦးကို မြောင်းမြထောင်သို့ ပြောင်းရွှေ့လိုက်သည်ဟု နီးစပ်သူများက ပြောသည်။

CDM လုပ်ထားသည့် ရဲတပ်သား သူရိန်လင်းနှင့် ညီဖြစ်သူ ရဲတပ်ကြပ် တာရာလင်းတို့ ညီအစ်ကို ၂ ဦး ကို ဒီဇင် ဘာလ ၂၁ ရက်နေ့က မြောင်းမြထောင်ကို ပြောင်းရွေ့လိုက်သည်။

“အကိုဖြစ်တဲ့ သူရိန်လင်းကို ထောင်ညွှန်မှူးက ထိုးကျိတ်ကန်ကျောက်လို့ ဆေးရုံတင်ရတယ်။ ပြီးတော့ ထောင် စည်းကမ်း ချိုးဖေါက်တယ် ဆိုပြီး ထောင် ၆ လ ထပ်ချလိုက်တယ်။ အခုထပ်ပြီး ညီအကို ၂ယောက်စလုံး ကို မြောင်းမြ ထောင်ကို ပြောင်းလိုက်တယ်” လို့ အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ဒီဇင်ဘာလ ၆ ရက်နေ့ ညက အရက်မူးနေသော ညွှန်ကြားရေးမှူး ဇော်စစ်အောင်က ကိုသူရိန်လင်းကို နာရီ ဝက် ခန့်ကြာအောင် ရိုက်နှက်ကန်ကျောက်ခဲ့ခြင်းကြောင့် ထောင်တွင်း ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် ဒီဇင်ဘာလ ၉ ရက်နေ့မှာ ထောင် ၆ လ ထပ်တိုးချလိုက်ပြီးနောက် ညီအကို ၂ ဦးလုံးကို ပုသိမ်ထောင်မှ ပြောင်းရွှေ့လိုက်ခြင်း ဖြစ်သည်။

CDM လုပ်သဖြင့် ရဲစည်းကမ်းဖေါက်ဖျက်မှုဖြင့် ထောင်တစ်နှစ် ချခံရသော ရဲညီအကို ၂ဦးက လွှတ်ခါနီး ၁ ရက် အလိုတွင် စစ်အာဏာရှင် ဆန့်ကျင်ရေးနှင့် အကျဉ်းသား အခွင့်အရေး ရရှိရေးတို့အတွက် ထောင်တွင်း ဆန္ဒ ပြ သည့် အတွက်ဟုဆိုကာ ၂၀၂၂ ခုနှစ် ဖေဖေါ်ရီလ ၂ ရက်နေ့က ထောင်ဒဏ် ၃ နှစ် ထပ်တိုးချလိုက်ခြင်း ဖြစ်သည် ဟု အကျဉ်းဦးစီးဌာနှင့် နီးစပ်သူက ပြောသည်။

ထောင်မှ ပြန်လွှတ်လာသည့် အကျဉ်းသားဟောင်း တစ်ဦး က “ညွှန်မှူးနဲ့ ထောင်အုပ်ချုပ်ရေး အဖွဲ့က ကန့်သတ် ပစ္စည်းတွေ ပိုက်ဆံယူပြီး ထောင်ထဲကို အသွင်းခံတယ်။ ပြီးတော့ သူတို့ကိုယ်တိုင်ပဲ ပြန်ဖမ်းတယ်။ နှိပ်စက် တယ်။ အပြင်မှာ ကျန်ရစ်တဲ့ မိသားစုတွေစီက ငွေတောင်းခိုင်းပြီး ငွေညှစ်တယ်။ သိပ်မတရားလွန်းနေလို့ နိုင်/ ကျဉ်းတွေက ဆန္ဒပြတော့ အညှိုးထားပြီး နှိပ်စက်တယ်။ ထောင်တပ် တိုးချတယ်” ဟု ပြောသည်။

CDM ရဲ ညီအစ်ကို ၂ ဦးသည် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ ၁ ရက်နေ့က စစ်တပ်အာဏာသိမ်းမှု ဖြစ်ပြီးနောက် ဖေဖေါ် ဝါရီလ ၃ ရက်နေ့တွင် အွန်လိုင်းပေါ်မှ တဆင့် စစ်တပ်၏ အာဏာသိမ်းမှုကို ဆန့်ကျင်သော ပို့စ်(စာ) များ အစော ဆုံး ရေးသားကာ CDM လုပ်ခဲ့ကြသူများ ဖြစ်သည်။

စစ်ကောင်စီ က CDM ရဲညီအကို နှစ်ဦး၏ ဖခင်ဖြစ်သူ ဦးသန့်စင်ကိုလည်း ရပ်ရွာအတွင်း ဆူပှုအောင်လုပ်သည် ဟု ဆိုကာ ၂၀၂၁ ခုနှစ် မတ်လ အတွင်းက ဖမ်းဝရမ်းထုတ်ခဲ့သဖြင့် ရှောင်တိမ်းနေရသည်။

ထိုသို့ ရှောင်တိမ်းနေရသည်ကိုပင် ဦးသန့်စင်သည် PDF များနှင့် အဆက်အသွယ် လုပ်သည်ဟု ဆိုကာ ထပ်မံ စွပ်စွဲ၍ ၎င်းတို့၏နေအိမ်ကိုလည်း ယခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် စစ်တပ်က ချိပ်ပိတ်ထားသည်ဟု ဒေသခံ များက ပြောသည်။