NLD ဗဟိုကော်မတီဝင် ဒေါက်တာ တင်မင်းထွဋ်အား ထောင်ဒဏ် ၁၀ နှစ် ချ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဗဟိုကော်မတီဝင်၊ ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်က တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ တင်မင်းထွဋ်ကို ပုသိမ်ထောင်တွင်း တရားရုံးက ထောင်ဒဏ် ၁၀ နှစ်ချလိုက်သည်ဟု တရားရေးဌာန တာဝန်ရှိသူများက ပြောသည်။

ထောင်ဒဏ် ၁၀ နှစ်ချခံလိုက်ရသူမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဗဟိုကော်မတီဝင်၊ ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင်မင်းထွဋ် ဆိုသူ ဖြစ်သည်။

တရားလွှတ်တော် ရှေ့ နေတစ်ဦး က “ဒေါက်တာကြီးကို CRPH မှာ ပါဝင်တယ် ဆိုပြီး နိုင်ငံတော် ပုန်ကန်မှု ဥပဒေ ပုဒ်မ ၂ ခု နဲ့ ထောင် ၁၀ နှစ် အမိန့်ချ လိုက်တယ်။ ဥပဒေကြောင်းအရ ဘာမှ ခုခံချေပ ခွင့်မရဘူး။ အပေါ်က ချပေးတဲ့ အမိန့်ကို တရားသူကြီး က ဖတ်ပြသွားတာ” ဟု ပြောသည်။

ဒေါက်တာ တင်မင်းထွဋ်ကို ဒီဇင်ဘာလ ၂၁ ရက်နေ့၊ မွန်းလွဲပိုင်းက ထောင်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဗဟိုကော်မတီဝင်ဖြစ်သည့် အသက် ၇၀ ကျော် ဝန်းကျင်ရှိ ဒေါက်တာ တင်မင်းထွဋ် သည် ဧရာဝတီတိုင်း NLD အလုပ်အမှု ဆောင်အဖွဲ့၏ အထွေထွေ အတွင်းရေးမှူး တစ်ဦး ဖြစ်ပြီး ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ၌ ပန်းတနော်မြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် အဖြစ် အနိုင်ရ ရွေး ချယ်ခံရသူ ဖြစ်သည်ဟု NLD ပါတီ အသိုင်းအဝိုင်းထံမှ သိရသည်။

ထို့အပြင် NLD ပါတီကို စတင် တည်ထောင် ဖွဲ့စည်းခဲ့သည့် ပါဝင်ခဲ့သူဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် ပန်းတနော်မြို့ရှိ ၎င်း၏ နေအိမ်တွင် ရှိနေစဉ် ၂၀၂၁ ခုနှစ် မေလတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အင်အားသုံး ဝင်ရောက်ကာ ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

လွှတ်တော် ကိုယ်စားလှယ်ဟောင်း တစ်ဦးက “စစ်ကောင်စီက ရွေးကောက်ပွဲ လုပ်မယ် ပြောပြီး အတိုက်အခံ တွေကို ထောင်နှစ်ရှည် ချနေတာဟာ ရွေးကောက်ပွဲ ဝင်မယ့် ပါတီတွေ အပေါ် မဲဆန္ဒရှင်တွေရဲ့ ယုံကြည်မှု လျော့ကျ လာနိုင်တယ်။ စစ်တပ်ရဲ့ လုပ်ရပ်တွေကြောင့် နိုင်ငံရေး ပါတီတွေ မဲရှုံးရတာမျိုးတွေ ရှိခဲ့ဘူးတယ်” ဟု ပြောသည်။

အလားတူ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင်လည်း ပုသိမ်အကျဉ်းထောင်ထဲတွင် ထောင်ဒဏ် ၁၁ နှစ်ကျော် အမိန့်ချ ခံထားရသည့် ပုသိမ်မြို့က နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုဝင်းထွန်းနိုင်ကို စစ်ကောင်စီက နောက်ထပ် ထောင် ဒဏ် ၁၀ နှစ်ထပ်ချလိုက်သည် ဟု အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူများက ပြောသည်။

၂၀၂၂ ခုနှစ် နိုဝင်ဘာလ နောက်ဆုံးပတ် နှင့် ဒီဇင်ဘာလ တတိယပတ် အတွင်း ဧရာဝတီတိုင်းအတွင်းက အကျဉ်း ထောင် အသီးသီး၌ ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းများ အနက် NLD လွှတ်တော် ကိုယ်စားလှယ် ၄ ဦး၊ ပါတီဝန်းရံသူ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ နှင့် တော်လှန်ရေး အင်အားစုများ အပါအဝင် လူ ၇၀ ကျော် ကို ထောင်နှစ်ရှည် ချထားပြီး ဖြစ်သည်ဟု အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူများက ပြောသည်။