စစ်ကောင်စီ ပစ်ခတ်မှုကြောင့် ဒဏ်ရာရ အရပ်သားများ ဆေးကုခွင့်ပိတ်ထား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်။

စစ်ကောင်စီတပ်ဖွဲ့က ရမ်းသမ်းပစ်ခတ်မှုကြောင့် လက်နက်ကြီး‌စ ထိမှန်ကာ ဒဏ်ရာ ရရှိခဲ့သူများ ဆေးကုသခွင့် ပိတ်ခံထားရသည်ဟု ဒေသခံများက ပြောသည်။

ပလမြို့ ရဲစခန်းကုန်းမှ ၁ မိုင်ခန့်သာ ကွာဝေးသည့် တိုကျေးရွာ ဘက်သို့ ဒီဇင်ဘာလ ၂၁ ရက်နေ့၊ နံနက် ၈ နာရီအချိန်ခန့်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ရွာသား၂ ဦး သေဆုံးပြီး၊ ၄ ဦးဒဏ်ရာအပြင်းအထန် ရရှိခဲ့ရာ အဆိုပါ ဒဏ်ရာရသွားသူ နှစ်ဦးအား မြိတ်မြို့သို့ ဆေးကုခွင့်ကို စစ်တပ်က တားမြစ်ထားခြင်း ဖြစ်သည်။

“ဒဏ်ရာရတဲ့သူတွေက သာမန်အရပ်သားတွေပါ။ ဘာလို့ ဆေးကုသဖို့ သွားခွင့်မပေးတာလဲ ဆိုတာ စဉ်းစား မတတ်တော့ဘူး။ သူတို့ကြောင့်ဖြစ်တာ။ တာဝန်ယူပြီး ပို့တောင် ပေးရအုန်းမှာ။ ၂ ယောက်က ဆေးရုံမှာ သေ သွားပြီ။ ကျန် ၄ ယောက်စလုံးကိုလည်း စစ်ချက်တွေယူသွားတယ်လို့ သိရတယ်။ ဒဏ်ရာ ရတဲ့လူတွေကို ဆေး သွား ကုခွင့် မပေးတာ” ဟု အသက် ၄၅ နှစ်အရွယ် တိုရွာသားတစ်ဦးက ပြောသည်။

ထိခိုက်ဒဏ်ရာ ရရှိသွားသူ ၄ ဦးမှာ မြိတ်မြို့သို့ သွားရန် ဆေးကုရန် လုပ်ဆောင်နေခြင်းကို စစ်ကောင်စီတပ်က သွားခွင့်မပေးဘဲ တားမြစ်ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့အထိ ဆေးကုသခွင့် မရသေးသောကြောင့် ထိခိုက်ဒဏ်ရာ ရရှိထားသူများ၏ မိသားစုဝင် များက စိုးရိမ်နေကြသည်။

ဆေးကုသသွားခွင့် ပိတ်ပင်ခံထားရသူများမှာ ဒီဇင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် တိုကျေးရွာအတွင်းရှိ ဆိုင်ကယ် ပြင်ဆိုင် တစ်ဆိုင်၌ ဝိုင်းဖွဲ့ စကားလက်ဆုံကျနေစဉ် စစ်ကောင်စီတပ်ဘက်က ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျရောက် ပေါက်ကွဲကာ ကျည်စထိမှန်ခဲ့ကြသူများ ဖြစ်သည်။

လက်နက်ကြီးထိမှန်ဒဏ်ရာရခဲ့သူ ၆ ဦးရှိပြီး ၎င်းတို့အနက် ဆိုင်ကယ် ကယ်ရီမောင်းနေသူ ဦးစိုးဝင်း အသက် ၆၀ နှစ်၊ တံငါလုပ်ငန်းလုပ်ကိုင်နေသည့် ဦးသန်းကိုဦး အသက် ၃၀ နှစ်တို့ ၂ ဦးမှာ ရရှိခဲ့သည့် ဒဏ်ရာများ ပြင်းထန်ခဲ့ သဖြင့် ပလဆေးရုံ၌ ဆေးကုသမှု ခံယူနေစဉ် အသက်သေဆုံးသွားသည်ဟု မိသားစုနှင့်နီးစပ်သည့် ဒေသခံများ က ပြောသည်။

မြိတ်ဆေးရုံသို့ သွားရောက် ကုသခွင့် မပေးခဲ့သဖြင့် ကျန်ထိခိုက်ဒဏ်ရာရထားသည့် အမျိုးသားလေးဦးထဲမှ ဒဏ် ရာပြင်းထန်သူ နှစ်ဦးမှာ ပလဆေးရုံ၌ ဆေးကုသမှု ဆက်လက် ခံယူနေရပြီး ဒဏ်ရာ မပြင်းထန်သူ ၂ ဦးမှာ နေအိမ်မှာပင် ဆေးကုသနေကြရသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်မှ တိုကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်နေ့ မွန်းတည့် အချိန်မှာပင် ပြည်သူ့ ကာကွယ်ရေး တပ်မတော် မြိတ်ခရိုင် တပ်ရင်း(၁) မှ ပလမြို့ ရဲစခန်းကို ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ယနေ့ အချိန်ထိ နှစ်ဖက်ကြား စစ်ရေး အခြေအနေတင်းမာနေဆဲ ဖြစ်သည်။