ကျိုက်လတ် NLD လူငယ် ၅ ဦးကို နှစ်ရှည်ထောင်ဒဏ်များ ချ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်။

ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့မှာ ဖမ်းဆီးခံထားရသည့် NLD ပါတီဝင် လူငယ် ၅ ဦး ကို စစ်ကောင်စီ လက်အောက်ခံ ဖျာပုံခရိုင် တရားရုံးက ထောင်ဒဏ်နှစ်ရှည် အသီးသီးချလိုက်သည်။

NLD ပါတီက လူငယ် ၅ ဦးကို အကြမ်းဖက် ပုဒ်မ ၂ ခု ဖြစ်သည့် ၅၀-ဈ၊ ပုဒ်မ ၅၂-က တို့ဖြင့် ပုဒ်မ အတူတူ တရား စွဲကာ အမိန့်ချခဲ့သော်လည်း ပြစ်ဒဏ်များက တစ်ဦးနှင့် တစ်ဦး မတူဘဲ ထောင်ဒဏ်နှစ် ၂၀ မှ နှစ် ၄၀ အတွင်း ထောင်ဒဏ်နှစ်ရှည် အသီးသီးချခံရခြင်း ဖြစ်သည်ဟု NLD ပါတီ အသိုင်းအဝိုင်းထံမှ သိရသည်။

“ဆန္ဒထုတ်ဖော်မှုမှာ ပါဝင်တယ်။ တရားမဝင်တဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ် ပတ်သက်မှုရှိတယ် ဆိုပြီး အကြမ်းဖက် ပုဒ်မ ၂ ခုနဲ့ ထောင်ချလိုက်တာပါ။ ဒါပေအမယ့် တစ်ဦး နဲ့ တစ်ဦး သက်ရောက်မှုတွေက မတူညီ ကြတော့ အပြစ်ဒဏ်တွေကလည်း မတူကြဘူး” ဟု တရားလွှတ်တော် ရှေ့နေတစ်ဦး က ပြောသည်။

NLD ပါတီက အဆိုပါ လူငယ် ၅ ဦးကို ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ဖျာပုံခရိုင် တရားရုံးက ထောင်ဒဏ် နှစ် ရှည် ချလိုက်ခြင်း ဖြစ်သည်။

ဖမ်းဆီးခံထားရသည့် NLD လူငယ်များ ဖြစ်သော ကိုထွဋ်နောင်ဦး (ခေါ်) စီဖိန် ဆိုသူကို ထောင်ဒဏ် နှစ် ၄၀၊ ကိုမျိုးဆိုသူကို ထောင်ဒဏ် ၃၅ နှစ်၊ ကိုဟိန်းဆိုသူအား ထောင်ဒဏ် နှစ် ၃၀၊ ကိုပြည့်ဖြိုးအောင် နှင့် ကိုချမ်းမြေ့သူ ဆိုသူတို့ကို ထောင်ဒဏ် နှစ် ၂၀ စီ ချလိုက်ခြင်းဖြစ်သည်။

ထောင်ချခံရသော NLD လူငယ် ၅ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက် စစ်ဆေးကာ ခိုင်မာသည့် သက်သေ အထောက်အထားများ မရှိဘဲ အမှုဆင် ထောင်ချခဲ့ခြင်းဖြစ်ပြီး ဥပဒေကြောင်းအရ ခုခံချေပခွင့် မရသည့်အပြင် ဖမ်းဆီးချိန်မှ ထောင်ဒဏ် ချမှတ်ခံရချိန်အထိ မိသားစုနှင့်လည်း တွေ့ဆုံခွင့် မရခဲ့ဘူးဟု မိသားစု နှင့် နီးစပ်သူ တစ်ဦး က ပြောသည်။

နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးက “စစ်ကောင်စီက ဒီလထဲမှာ ဖမ်းထားတဲ့ နိုင်ငံရေးသမားတွေကို ထောင် ချတာ ခပ်စိပ်စိပ် လုပ်လာတဲ့အပြင် အပြစ်ဒဏ်တွေကလည်း နှစ်ရှည်ချတာတွေ များတယ်” ဟု ပြောသည်။

စစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသည့် ၎င်းတို့ ၅ ဦးကို ၂၀၂၁ ခုနှစ် မေလ အတွင်းက စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လူငယ် ၅ ဦးသည် ဖမ်းဆီးခံရပြီးနောက် တရားစွဲဆို တိုင်ကြားခြင်းကိုခံခဲ့ရကာ စစ်ကောင်စီ လက် အောက်ခံ တရားရုံးက နှစ်ရှည်ထောင်ဒဏ် အသီးသီး ချလိုက်ခြင်းဖြစ်သည် ဟု အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူ များက ပြောသည်။

၂၀၂၃ ခုနှစ် အတွင်းမှာ ရွေးကောက်ပွဲလုပ်မည်ဟု ကြေညာထားသော စစ်ကောင်စီက ယခုနှစ် ဒီဇင်ဘာလတွင် ဧရာဝတီတိုင်း အတွင်း၌ လုံခြုံရေး အစီအမံများ တိုးမြင့် လုပ်ဆောင်နေပြီး အတိုက်အခံ နိုင်ငံရေး တက်ကြွ လှုပ် ရှားသူများကိုလည်း နေ့စဉ်နှင့်အမျှ ဖမ်းဆီးနေသည့်အပြင် ထောင်ဒဏ်ချခြင်းတို့ကို လုပ်နေခြင်း ဖြစ်သည်။