ကုန်းသာရွာ ပြန်လည် တည်ဆောက်ရန် TNLA က လူထုနှင့် ပူးပေါင်း၍ ကော်မတီဖွဲ့စည်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်။

လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုတို့ကြောင့် ထိခိုက်ပျက်စီးသွားသည့် ရှမ်းမြောက်၊ နမ့်ဆန် မြို့နယ်ထဲက ကုန်းသာကျေးရွာအား ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် ကော်မတီ တစ်ခုကို ဖွဲ့စည်းလိုက်သည်ဟု တအန်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် PSLF/TNLA က ပြောသည်။

အဆိုပါ ကော်မတီကို PSLF/TNLA ထိပ်ပိုင်း ခေါင်းဆောင်များက ကုန်းသာကျေးရွာရှိ ဒေသခံများကို သွားရောက် တွေ့ဆုံခဲ့သည့် အချိန်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ကော်မတီက လုပ်ဆောင်မည့် ပြန်လည်ထူ ထောင်ရေး အစီအစဉ် များနှင့် ပတ်သက်၍ ဒု-ဗိုလ်မှူးကြီး တားအိုက်ကျော်က ယခုကဲ့သို့ ပြောသည်။

၎င်းက “ဒီနေအိမ်တွေ တော်တော်များများ ပျက်စီးတယ်။ ကျေးရွာမှာရှိတဲ့ စာသင်ကျောင်း ဘုန်းကြီးကျောင်း ကအစ အကုန်လုံး တော်တော်များများ လေကြောင်း တိုက်ခိုက်တဲ့ဟာနဲ့ ထိထားတဲ့ဟာနဲ့ လက်နက်ကြီး ထိသွား တဲ့ဟာနဲ့ လုံးဝ အိမ်မီးလောင်သွားတာက ၅ အိမ်တော့ ရှိတယ်။ အဲဒါတွေ အကုန်လုံး ပြန်လုပ်ယူရမယ့် ပုံစံမျိုး ရှိတာပေါ့။ ဒီဟာကတော့ လူထုတွေက အဲဒီရွာက ဖွံ့ဖြိုးမှုနည်းတယ်။ အဲဒါကြောင့်မို့လို့ ကျနော်တို့ တတ်နိုင် သမျှ ဒီထူထောင်ရေးကာလပေါ့နော ပြန်လည်ထူထောင်ရေးကို ကျနော်တို့ ပံ့ပိုးကူညီဆောင်ရွက်သွားဖို့ စီစဉ် ထားတာရှိတယ်” ဟုပြောသည်။

ကုန်းသာကျေးရွာ ပြန်လည်ထူထောင်ရေး ကော်မတီတွင် ဒု-ဗိုလ်မှူးကြီး တားမိုးဟိန်းကို ကော်မတီ ဥက္ကဋ္ဌ အဖြစ် တာဝန် ပေးအပ်ထားပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို လုပ်ဆောင်သွားမည်ဟု PSLF/TNLA သတင်း နှင့် ပြန်ကြား ရေး တာဝန်ခံက အခုလို ဆက်ပြောသည်။

၎င်းက “ကျနော်တို့ လောလော ဆယ်တော့ ပြန်လည်ထူထောင်ရေး TNLA အနေနဲ့ ကျနော်တို့ ဖွဲ့ထားတာက တော့ ဒု-ဗိုလ်မှူးကြီး တားမိုးဟိန်း ကော်မတီ ဥက္ကဋ္ဌပေါ့နော်၊ ဒု-ဗိုလ်မှူးကြီး တားညွံတ်မျံမ်းကတော့ အဖွဲ့ဝင်၊ အတွင်းရေးမှူးကတော့ တားဂူ;ရဲင်းနဲ့ ထည့်သွင်း ဖွဲ့စည်းထားတာဖြစ်တယ်” ဟု ပြောသည်။

ဒီဇင်ဘာလ ၇ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ဖြစ်ပွားခဲ့သည့် စစ်တပ်နှင့် တအန်းအမျိုးသား လွတ် မြောက်ရေး တပ်မတော် PSLF/TNLA တို့အကြားက တိုက်ပွဲအတွင်း လက်နက်ကြီးပစ်ခတ်မှုနှင့် စစ်တပ်က လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်မှုတို့ကြောင့် ကုန်းသာကျေးရွာရှိ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် လူနေအိမ် အားလုံးနီးပါး ထိမှန်ပျက်စီးသွားခဲ့သည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့က PSLF/TNLA ၏ သတင်းထုတ်ပြန်ချက်ထဲတွင် PSLF/TNLA ထိပ်ပိုင်းခေါင်းဆောင် များ မှ တိုက်ပွဲနှင့် ပတ်သက်သည့် ကိစ္စနှင့်စပ်လျဉ်း၍ ရှင်းပြခြင်း၊ အားပေးစကားပြောကြားခြင်း၊ ပျက်စီးသွားသည့် ဘုန်းကြီး ကျောင်း၊ စာသင်ကျောင်းအပြင် ဒေသခံ ပြည်သူလူထုများ၏ နေအိမ်များနှင့် ကျေးရွာ ပြန်လည် ထူ ထောင်နိုင်ရန် အတူတကွ လက်တွဲဆောင်ရွက်သွားမည် ဟု ကတိပေးပြောကြားခဲ့ပြီး ဒေသခံများမှ လိုအပ် သည် များကို ပြန်လည်တင်ပြဆွေးနွေးခဲ့ကြသည် ဟု ထည့်သွင်းထားသည်။

ယခုဖြစ်ပွားခဲ့သည့် ကုန်းသာ တိုက်ပွဲသည် ကျေးရွာအတွင်း ထိခိုက်ပျက်စီးမှု ပိုမိုများပြားသည့်အတွက် ကော်မ တီဖွဲ့ပြီး လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဒု-ဗိုလ်မှူးကြီး တားအိုက်ကျော်က က ဆိုသည်။

“အရင်တုန်းကလည်း ကျနော်တို့က လုပ်ပါတယ်။ အထူးသဖြင့်ကတော့ ဒီတစ်ခေါက်ကတော့ ပျက်စီးမှု ပမာဏ ကလည်း များတယ်။ ဒါကြောင့်မို့ ကျနော်တို့ ကော်မတီဖွဲ့ပြီးမှ ဆောင်ရွက်ရတာဖြစ်တယ်” ဟု ပြောသည်။

ကုန်းသာကျေးရွာမှ ဒေသခံများနှင့် သွားရောက်တွေ့ဆုံခဲ့သည် PSLF/TNLA ထိပ်ပိုင်းခေါင်းဆောင်များမှာ ဒု-ဥက္ကဋ္ဌ (၁) ဗိုလ်ချုပ် တားဂျုတ်ဂျား၊ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်၊ တွဲဖက်အထွေ ထွေအတွင်းရေးမှူး(၁) ဗိုလ်မှူးကြီး တားအိုမ်တမောဝ်၊ ပြန်ကြားရေးတာဝန်ခံ ဒု – ဗိုလ်မှူးကြီး တားအိုက်ကျော်၊ အုပ်ချုပ်ရေး ဒု-ဌာနမှူး တားကုင်ခြီရ်နှင့် စည်းရုံးလှုံ့ဆော်ရေးမှူး တားမိုးဟိန်းတို့ ဖြစ်သည်ဟု PSLF/TNLA က ပြောသည်။

ထိုပျက်စီးသွားသည့် လူနေအိမ်များကို သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းများက တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်နှင့် ပြန်လည် ကူညီတည်ဆောက်ပေးရန် ဒေသခံများက တောင်းဆိုထားကြသည်။

ထိုသို့ တောင်းဆိုထားပြီးနောက် PSLF/TNLA က ကုန်းသာကျေးရွာ ပြန်လည်ထူထောင်ရန်အတွက် ပြန်လည်ထူ ထောင်ရေး ကော်မတီကို ဖွဲ့စည်းလာခြင်းဖြစ်သည်။