မိုးကုတ်ကျောက်တွင်း ပြို၊ အလုပ်လုပ်နေသူတစ်ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်။

မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် ကျောက်မျက်တွင်း ပြိုကျပြီး အမျိုးသားတစ်ဦးသေဆုံး သွားသည်ဟု ဒေသခံ များနှင့် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့ တာဝန်ရှိသူများက ပြောသည်။

မိုးကုတ်မြို့၊ ရေပူအုပ်စု၊ ကတုပ်တပ်ကွက်သစ်တွင် ဒီဇင်ဘာလ ၂၆ ရက်နေ့၊ နေ့လည် ၁၂ နာရီဝန်းကျင် အချိန်ခန့် တွင် ကျောက်မျက်တွင်း ပြိုကျပြီး တွင်းထဲတွင် အလုပ် လုပ်နေသူ အမျိုးသား တစ်ဦး သေဆုံးသွားခြင်း ဖြစ် သည်။

“လူနာတင်ကားတွေ အများကြီးသွားတဲ့ အသံကြားရတာ အစက ဘာဖြစ်တာလဲလို့ မေးကြည့်မှ တွင်းပြိုတာ တဲ့။ အဲ့ဒီ အထဲမှာ တွင်းပိတာ။ အဲ့တွင်းက ခဏခဏ ပြိုတာ။ အခုလည်း တစ်ယောက်သေတယ်” ဟု ဒေသခံ တစ်ဦး က ပြောသည်။

သေဆုံးသူ အသက် ၅၄ နှစ်အရွယ်ရှိသူ အမျိုးသားတစ်ဦး ဖြစ်ပြီး ၎င်းမှာ မိုးကုတ်မြို့ခံမဟုတ်ဟု ဒေသခံ များက ပြောသည်။

ကျောက်မျက်တွင်းဟောင်းက အနက်ပေ ၈၀၊ အကျယ် ၄ ပေ ရှိပြီး အဆိုပါတွင်းထဲ ကျောက်မျက် တူးဖော်နေ ချိန်တွင် ပြိုကျခြင်း ဖြစ်ရာ အမျိုးသား တစ်ဦး ပိတ်မိခဲ့သည်။

ပိတ်မိနေသူကို ကယ်ဆယ်ရေးအဖွဲ့များက နာရီဝက်ခန့်အကြာ ကယ်ဆယ်ရေး လုပ်ဆောင်ရသည်ဟု လူမှုကယ် ဆေးရေး အသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

မျက်မြင်တွေ့သူ အမျိုးသားတစ်ဦးက “အစက ဒီအတိုင်းပဲ ကိုယ့်ဟာကိုလုပ်ကြတာ၊ မရတော့မှ ကယ်ဆယ်ရေး တို့ ဘာတို့ကို ဖုန်းဆက်လိုက်တာဗျ။ အခုပြိုကျတဲ့တွင်းထဲမှာက ရေတွေလည်းရှိတယ်။ အဲ့မှာ ပိတ်မိချိန် ရေနစ် ပြီးသေသွားတဲ့ ပုံစံမျိုးဗျ။ ဒီနယ်ခံ ကယ်ဆယ်ရေးသမားတွေ ရှာမှ ပြန်တွေ့တာ” ဟု ပြောသည်။

နာရီဝက်ခန့်အကြာ ကယ်ဆယ်ရေးလုပ်ဆောင်ခန့်သော်လည်း တွင်းထဲတွင် ပိတ်မိနေသည့် အမျိုးသားကို သေ ဆုံးလျက်သာတွေ့ရှိခဲ့ရပြီး အလောင်းကို မိုးကုတ် မြို့ပြည်သူ့ဆေးရုံကို ပို့ဆောင်လိုက်သည်ဟု အဆိုပါ တာဝန် ရှိသူက ပြောသည်။

ဒေသခံ လူမှုကူညီကယ်ဆယ်ရေး အသင်းအဖွဲ့များ၊ မိုးကုတ်မြို့ရှိ အရံမီးသတ်အဖွဲ့နှင့် ဒေသခံများက အဆိုပါ ကျောက်တွင်းအတွင် ပြိုကျမှုကြောင့် ပိတ်မိနေသည့် အမျိုးသားကို ရှာဖွေကယ်ဆယ်မှုများ လုပ်ဆောင်ခဲ့ကြ ခြင်း ဖြစ်သည်။

မိုးကုတ်မြို့ခံများသည် ကျောက်တွင်းများကို အမှီသဟဲပြု၍ ကျောက်တူးဖော်ခြင်း၊ ကျောက်သွေးခြင်း၊ ကျောက် အရောင်းအဝယ် လုပ်ငန်းတို့ကို အဓိက လုပ်ဆောင်ကြပြီး အခြားသော မြို့နယ်၊ ဒေသများက ရွှေ့ပြောင်း လုပ်ကိုင်သူများလည်း မိုးကုတ်မြို့တွင် ကျောက်လုပ်ငန်းလာရောက် လုပ်ကိုင်ကြသည်။