စစ်ကောင်စီ ဖမ်းဆီးသွားသူ၏ အလောင်းကို ပြန်တွေ့ရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း အသက် ၂၀ အရွယ် လူငယ်အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် သေဆုံးနေသည့် အလောင်းကိုတွေ့ခဲ့သည်ဟု ဒေသခံများက ပြောသည်။

မတ္တရာမြို့နယ်၊ စိန်ပန်းကုန်းကျေးရွာက အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးကို စစ်တပ်က ဖမ်းဆီးသွားပြီး နောက် နှစ်ရက်အကြာ ဒီဇင်ဘာလ ၂၇ ရက်နေ့ (ယမန်နေ့)က အလောင်းကိုသာ တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။

ကောင်းကင် တော်လှန်ရေးအင်အားစု တာဝန်ရှိသူတစ်ဦးက “ဒီနေ့ (ဒီဇင်ဘာ ၂၇ ရက်နေ့) သူ့အလောင်းကို ပိုဝကျေး ရွာနားမှာ တွေ့တာပါ။ နှိပ်စက် သတ်ဖြတ်ခံထားရတာပါ။ အလောင်းတွေ့တာက ဒီမြေနုကျွန်းထဲမှာ တွေ့တာပါ” ဟု ပြောသည်။

စိန်ပန်းကုန်းကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ဝင်ရောက်မီးရှို့ခဲ့ပြီး အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်က စိန်ပန်းကုန်းကျေးရွာက အိမ်ခြေ ၃၀ လုံးခန့်ကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် အဆိုပါကျေးရွာက ဒေသခံရွာသားများလည်း ရွာလုံးကျွတ်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ကြရသည်ဟု ဆိုသည်။

ထို့နောက် အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ပိုဝကျေးရွာထဲ တပ်စွဲထားပြီး ကျေးရွာ ဒေသခံ အယောက် ၃၀ ခန့်ကိုလည်း ဖမ်းဆီးထားသည်ဟု ကောင်းကင် တော်လှန်ရေး အင်အားစု တာဝန်ရှိသူက ပြောဆိုထားသော်လည်း သီးခြား အတည်မပြုနိုင်သေးပေ။

ပိုဝကျေးရွာတွင် ဖမ်းဆီးခံထားရသူများအနက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဒေသခံ နှစ်ဦးကို ဒီဇင်ဘာ ၂၆ ရက်နေ့ညပိုင်းမှာပင် သွားရောက်ကယ်ထုတ်နိုင်ခဲ့သည်ဟု ဆိုသည်။

မတ္တရာနယ်အတွင်းရှိ ဧရာဝတီမြစ်ဘေးက ကျေးရွာများဖြစ်သည့် ပိုဝ၊ ဆင်ကုန်း၊ စိန်ပန်းကုန်းနှင့် သုံးဆယ်ပေး အစရှိသည့် ကျေးရွာများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက စီးနင်းဝင်ရောက်ကာ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူ ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းအပြင် အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးနှိပ်စက်ခြင်း၊ ရိုက်နှက်ခြင်း၊ သတ် ဖြတ်ခြင်းများကို လုပ်ဆောင်နေကြသည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် အပြစ်မဲ့ပြည်သူများကို လူသားဒိုင်းကာ အဖြစ်ဖမ်းဆီးထားခြင်းများပင် ရှိနေသည်ဟု ဆိုသည်။

ယခု ပိုဝ၊ ဆင်ကုန်း၊ စိန်ပန်းကုန်းနှင့် သုံးဆယ်ပေး အစရှိသည့် ကျေးရွာထဲ စီးနင်းဝင်ရောက်လာပြီး လူ့အခွင့် အရေး ချိုးဖောက်မှုများကို ကျူးလွန်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာလ ၂၃ ရက်နေ့ စတင်၍ ဝင်ရောက်လာခြင်းဖြစ်ပြီး တစ်ရွာဝင်တစ်ရွာထွက် နေအိမ်များကို မီးရှို့ဖျက်ဆီးက အဖိုးတန်ပစ္စည်းများကို ခိုးယူနေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။