စစ်ကား တစ်စီးကို ရေးဘီလူး အဖွဲ့ တိုက်ခိုက်၊ စစ်သား နှစ်ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်။
မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီ ခမရ ၅၉၁ တပ်ရင်းမှ စစ်ကားတစ်စီးကို ဒီဇင်ဘာ ၂၇ ရက်နေ့ နံနက်ပိုင်းအချိန်ခန့်က ရေးဘီလူးအဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်သား နှစ်ဦး သေဆုံးသွားသည်။
ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာထဲသို့ ဝင်လာသည့် ခမရ ၅၉၁ တပ်ရင်းမှ စစ်ကားကို ရေးဘီလူးအဖွဲ့က ဝိုင်းဝန်း တိုက်ခိုက်ခဲ့ပြီး ကားပေါ်တွင် ပါလာသူများအနက် စစ်သား ၂ ဦး သေဆုံးသွားသည်ဟုလည်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။
ရေးဘီလူးအဖွဲ့ခေါင်းဆောင်က “ကျောင်းရွာထဲ ဝင်လာတဲ့ ၅၉၁ စစ်ကားကို ရေးဘီလူးအဖွဲ့က ဝိုင်းပစ်ခဲ့တာ ဖြစ်ပါတယ်။ တပ်သား ၂ ဦး ကားပေါ်မှာ ကျပါတယ်။ ကားမရပ်လို့ လက်နက်တွေကိုလုဖို့ အချိန်မရလိုက်ဘူး၊ ကားမောင်းပြေးသွားတယ်” ဟု ပြောသည်။
တိုက်ခိုက်ခံရသည့် စစ်ကားမှာ မောင်းပြေးသွားသည့်အတွက် လက်နက်များ မရလိုက်ဘူးဟုလည်း ရေးဘီလူး အဖွဲ့ခေါင်းဆောင်က ထုတ်ပြန်ပြောဆိုထားသည်။
ဆက်လက်ပြီးလည်း မွန်ပြည်နယ်အတွင်း၌ ပိုမိုကောင်းမွန်သည့် တိုက်ခိုက်မှုများ ထပ်မံလုပ်ဆောင်သွားမည် ဟု ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။
ရေးဘီလူးအဖွဲ့သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၀ ရက်နေ့တွင်လည်း ရေးမြို့နယ်ရှိ စစ်ကောင်စီ တပ်ရင်း ၅၈၆ ကို လည်းကောင်း၊ ဒီဇင်ဘာလ ၁၆ ရက်နေ့က ရေးမြို့နယ်အခြေစိုက် အမြောက်တပ်ကိုလည်းကောင်း ဝင်ရောက် တိုက်ခိုက်ခဲ့သည်။
ရေးဘီလူးအဖွဲ့သည် ရေးမြို့နယ်အတွင်းက စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များကို မကြာခဏ ပစ်ခတ် ရှင်းလင်းလေ့ရှိသည့်အပြင် စစ်တပ်လက်အောက်ခံ ဌာနဆိုင်ရာရုံးများ၊ ရဲစခန်းများနှင့် စစ်ဆေးရေးဂိတ်များ ကိုလည်း မကြာခဏ ဝင်ရောက်တိုက်ခိုက်လေ့ ရှိသည်။
အလားတူ စစ်ကောင်စီလက်အောက်တွင် လုပ်ကိုင်နေကြသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ အရပ်သားဝန်း ထမ်းများနှင့် စစ်ကောင်စီသတင်း ဒလန်ဟု သတ်မှတ်ခံရသည့်လူများကိုလည်း မကြာခဏ ပစ်ခတ်ရှင်းလင်း လေ့ရှိပြီး ရှေ့ဆက်လည်း အဆိုပါ လုပ်ငန်းများကို လုပ်ဆောင်သွားမည်ဟု ဆိုသည်။
ထို့ကြောင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် CDM မပြုလုပ်သောဝန်ထမ်းများကို စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေခြင်းမှ နှုတ်ထွက်ကြရန် သတိပေး ထုတ်ပြန်ထားသည်။
စစ်ကောင်စီကလည်း ရေးဘီလူးအဖွဲ့ကို ဖမ်းဝရမ်းထုတ်ထားပြီး ၎င်းအဖွဲ့နှင့် သက်ဆိုင်၍ သတင်းပေးသူကို ဆုကြေးငွေပေးမည်ဟု တန်ပြန် သတင်းထုတ်ပြန်ထားသည်။