ဆိုင်ကယ် ၂ ဦး စီးသူများကို စစ်တပ်က ရိုက်နှက် ဖမ်းဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ဆိုင်ကယ်တစ်စီးလျှင် အမျိုးသားတစ်ဦးထက် ပိုစီးသူ အရပ်သား ၂ ဦးကို စစ်တပ်က ရိုက်နှက် ဖမ်းဆီးသွားသည်ဟု မျက်မြင်တွေ့ရှိသည့် မြို့ခံများက ပြောသည်။

မုံရွာမြို့တွင်၊ အမျိုးသားနှစ်ဦးထက် ပိုစီးသည့် ဆိုင်ကယ်များကို စစ်ကောင်စီ တပ်သားများနှင့် ၎င်းတို့၏ လက် အောက်ခံ ရဲတပ်ဖွဲ့များက ဖမ်းဆီးနေခြင်း ဖြစ်သည်ဟု မြို့ခံပြည်သူများက ပြောသည်။

မြင်တွေ့လိုက်ရသည့် အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက “ကောင်လေး နှစ်ယောက်က လမ်းထောင့်က မောင်းထွက်လာတာ။ နောက်က စစ်ကား တစ်စီးလိုက်လာတယ်။ ရပ်ခိုင်းတာလား ဘာလားတော့ မသိဘူး။ ရှေ့တစ်စီး ပြန်ပိတ်ရပ်ပြီး ဖမ်းလိုက်တာ။ သေနတ်မိုးပေါ်ထောင် ပစ်တာ။ ပြီးတော့ သေနတ်ဒင်တွေနဲ့ ထုရိုက် ဆွဲခေါ်သွားတယ်” ဟု ပြောသည်။

မုံရွာမြို့၊ အောင်မင်္ဂလာရပ်ကွက် အလယ်ရပ်၊ ဦးမာဃလမ်းထဲတွင် ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီ ဝန်း ကျင် အချိန်ခန့်က ဆိုင်ကယ်အတူ စီးလာသည့် အမျိုးသား ၂ ဦးကို ရဲနှင့် စစ်ကောင်စီ တပ်သားများက သေနတ် မိုးပေါ်ထောင်ပစ်ပြီးနောက် ရိုက်နှက် ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု မျက်မြင်တွေ့ရှိသော မြို့ခံပြည်သူများက ပြောသည်။

ဖမ်းဆီးခံရသည့် အမျိုးသားနှစ်ဦးမှာ အသက် ၂၀ ဝန်းကျင်အရွယ်ရှိသည့် လူငယ်များ ဖြစ်ကြပြီး ဖမ်းဆီး ရိုက်နှက်နေစဉ်၌ ၎င်းတို့ထံတွင် လက်နက်များ မတွေ့ရသောကြောင့် PDF နှင့် ဆက်စပ်မှုမဖြစ်နိုင်ဘဲ တမင် အာဏာပြ ဖမ်းဆီးခြင်း ဖြစ်သည်ဟု ဖြစ်စဉ်ကို မြင်တွေ့လိုက်သည့် မြို့ခံပြည်သူအချို့က ပြောသည်။

ထိုအမျိုးသားနှစ်ဦးမှာ ဖမ်းဆီးခံရပြီးသည့် အချိန်မှစ၍ ယနေ့ အချိန်ထိ မိသားစုဝင်များနှင့် တွေ့ဆုံခွင့် မရသေး ၍ စိုးရိမ်နေကြသည်ဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။

လူငယ်နှစ်ဦး၏ မိသားစုဝင်များနှင့် နီးစပ်သည့် အမျိုးသားတစ်ဦးက “ဖမ်းခံရတဲ့ ညနေကတည်းက မုံရွာ ရဲစခန်း ၂ ခုလုံးမှာပေါ့ သူတို့အိမ်ကလူတွေ လိုက်စုံစမ်းကြတယ်။ တော်ရုံဆိုင်ကယ် ၂ ယောက်စီးတာလောက်ဆိုရင် ပိုက် ဆံနဲ့ ထုတ်မယ်ပေါ့။ အဲဒီမှာ မတွေ့ဘူး။ မေးတော့လည်း စခန်းက ရဲတွေ မဖြေကြဘူး။ ကြည့်ရတာတော့ ဖုန်း မှာ တစ်ခုခုတွေ့ပြီး စစ်ကြောရေး ပို့တာလားပဲ။ လူငယ်တွေဆိုတော့ လှူတာ၊ Facebook ကနေ ဆက်သွယ်တာ တွေတော့ ရှိမှာပဲလေ” ဟု ပြောသည်။

အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင်လည်း မုံရွာမြို့၊ ဒေါနရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီး ပေါ် ရှိ တော်ဝင်ဆေးရုံ အနီးတွင်လည်း ကျေးရွာတစ်ရွာမှ ဆေးခန်းလာပြသည့် မြေးအဘိုး ၂ ဦးကို စစ်ကောင်စီ တပ် သားများက “ဆိုင်ကယ် နှစ်ယောက် စီးသည်” ဟုဆိုကာ “သေနတ်ဖြင့် ချိန်ရွယ်ပြီး ပစ်မည်” ဟု ခြိမ်းခြောက် ခဲ့ သည်။

“မြေးဖြစ်တဲ့သူက အပြောအဆို မတတ်တော့ ပစ်တော့မလို့ပဲ။ သေနတ်မောင်း တင်ထားပြီ။ သူ့အဘိုးက လက် အုပ်ချီ တောင်းပန်လို့ ၃ ပွင့်နဲ့ တစ်ယောက်က မပစ်နဲ့ ပြောလိုက်တာ။ သေနတ်နဲ့ ၂ ချက်လောက် ရိုက်ပြီး သွား ခွင့်ပေးလိုက်တယ်” ဟု မုံရွာမြို့ခံ အသက် ၅၀ အရွယ် အမျိုးသား တစ်ဦးက ပြောသည်။

မုံရွာမြို့တွင် အမျိုးသား ၂ ဦး ဆိုင်ကယ်မစီးရ အမိန့်ကို စစ်ကောင်စီတပ်က ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ ကတည်းက ထုတ်ပြန်ထားသော်လည်း ယခု ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိ အဆိုပါ ဥပဒေ အသက်ဝင် နေဆဲ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ထို့ပြင် ယခုနှစ်၊ ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်သားများက အမျိုးသား ၂ ဦး စီးနင်းသည့် ဆိုင်ကယ်များကို မသင်္ကာမှုဖြင့် ပစ်ခတ်ဖမ်းဆီးမှုများလည်းရှိပြီး သေဆုံးမှုများလည်း ရှိသည်ဟု မြို့ခံပြည်သူများက ပြောသည်။

သို့သော် အဆိုပါ သေဆုံးမှု အခြေအနေမျာနှင့် ပတ်သက်၍ သတင်းနှင့် မီဒီယာကွန်ယက် သတင်းဌာန အနေဖြင့် စုံစမ်းနေဆဲ ဖြစ်သည်။