ကုန်းသာ စစ်ရှောင်များ အိမ်မပြန်နိုင်သေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်။

ဒီဇင်ဘာလ ဒုတိယပတ်တွင် ဖြစ်ပွားခဲ့သည့် စစ်တပ်နှင့် တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့အကြားက တိုက်ပွဲများကြောင့် နမ့်ဆန်မြို့ကို စစ်ဘေးရှောင်လာကြသည့် စစ်ဘေးရှောင်အချို့ နေရပ်ပြန်သွား ကြသော်လည်း ကုန်းသာကျေးရွာက ဒေသခံများ နေရပ်မပြန်နိုင်သေးဘူးဟု စစ်ရှောင်များက ပြောသည်။

ကုန်းသာကျေးရွာအတွင်းက နေအိမ်များအားလုံးနီးပါး ထိမှန်ပျက်စီးခဲ့သည့်အတွက် နေရာစရာ အခက်အခဲရှိနေ သေးသောကြောင့် နမ့်ဆန်မြို့က ဇယန်းကြီးဘုန်းကြီးကျောင်းတွင် ယနေ့အချိန်ထိ ခိုလှုံနေကြခြင်း ဖြစ်သည်ဟု ကုန်းသာရွာသားများက ပြောသည်။

ကုန်းသာရွာသား တစ်ဦးက “အိမ်က မီးလောင်သွားတယ်ဆိုတော့ နေစရာမရှိဘူး။ အိုးခွက်ပန်ကန်တွေလည်း မရှိဘူး။ ဆောင်တွေလည်း လာပေးတာတော့ လာပေးတယ်။ အိမ်က နေလို့ မရသေးဘူးလေ။ အဲလိုမျိုး ကျနော် တို့ နေရပ်က မပြန်နိုင်တာ” ဟု ပြောသည်။

ထို့အပြင် ရွာသားများ သိုလာင်ထားသည့် ဆန်၊စပါးများလည်း မီးထဲပါသွားပြီဟု အဆိုပါ ဒေသခံ အမျိုးသား က ဆက် ပြောသည်။

“နေအိမ်မီးလောင်သွားတဲ့ဟာကျတော့ သူက သိုလောင်ထားတဲ့ စပါးတွေ ၊ ဆန်တွေကျတော့ အားလုံးမီးထဲ ပါ သွားတာပေါ့။ ဒီရဲ့ လက်နက်ငယ်တွေ ထိထားတဲ့ဟာကျတော့ ဆန်တွေ တချို့က တချို့အိမ်တွေဆိုတော့ ခိုးသွား တဲ့ အိမ်လည်းရှိတယ်။ တချို့က အဲလိုမျိုးသွန်ထားတဲ့ အိမ်တွေလည်း ရှိတာပေါ့။ အိမ်ထဲမှာ ဘာမှလည်း ရစရာ မရှိတော့ဘူး။ စားစရာလည်း မရှိတော့ဘူး။ စောင်တွေ အိုးတွေကအစ အဲလိုမျိုး မရှိတော့ဘူးပေါ့။”

နေထိုင်ဖို့ နေအိမ်များ မရှိတော့သည့်အပြင် ရွာထဲပြန်ရောက်သည့် အခါတွင်လည်း တိုက်ပွဲများ ထပ်မံဖြစ်ပွားလာ မည်ကိုပါ စိုးရိမ်နေကြသည်ဟု ကုန်းသာဒေသခံ ရွာများက ပြောသည်။

နမ့်ဆန်မြို့က ဇယန်းကြီးဘုန်းကြီး ကျောင်းတွင် စစ်ရှောင်နေသူ ကုန်းသာရွာသားတစ်ဦးက “ဗမာစစ်တပ်တွေက မကျေနပ်သေးဘူးပေါ့နော်။ ကုန်းသာနဲ့ ဟူးမန်းကို မကျေနပ်သေးဘူး။ နောက်တစ်ခါ ကျနော်တို့ လာချအုံးမှာ အဲ လိုမျိုး ပြောထားတယ်ဆိုတော့ ကျနော်တို့ အဲဒါနဲ့ ကျနော်တို့ စိုးရိမ်စိတ်ရှိပြီးမှ ကျနော်တို့ ပြောတာ အိမ် ဆောက် ပြီးမှပဲ ပြန်နေရမှာလား။ မနေရဘူးလား အဲလိုမျိုးရှိတာပေါ့။ စိုးရိမ်စိတ်တွေတော့ ရှိတာပေါ့။ အဲလို မျိုး” ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားချိန်က စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံခဲ့ရပြီး ထွက်ပြေးလွတ်မြောက် လာခဲ့ သည့် ကုန်းသာရွာသား ၂ ဦးက လမ်းမှာ စစ်သားများ ပြောဆိုခဲ့သည်ကို ပြန်ပြောပြခြင်း ဖြစ်သည်ဟု ဆိုသည်။

ကုန်းသာကျေးရွာ တိုက်ပွဲကြောင့် ကုန်းသာ၊ ဟူမန်း၊ ပန်လုံ၊ ဆာမ်ငမ်၊ ပန်လောက် စတဲ့ ကျေးရွာ ၅ ရွာက ဒေသ ခံများမှာ နမ့်ဆန်မြို့ကို ထွက်ပြေးလာကြပြီး ကျန်ရွာများက ဒေသခံများမှာ နေရပ်ပြန်သွားကြပြီ ဖြစ်သော်လည်း ကုန်းသာဒေသခံများက ယနေ့အချိန်ထိ နေရပ်မပြန်နိုင်ကြသေးခြင်း ဖြစ်သည်။

နေရပ်မပြန်နိုင်သေးသည့် ကုန်းသာကျေးရွာက စစ်ဘေးရှောင် ၁၀၀ ကျော်မှာ နမ့်ဆန်မြို့ရှိ ဇယန်းကြီး ဘုန်းကြီး ကျောင်းတွင် နေထိုင် နေကြပြီး ၎င်းတို့၏ စားဝတ်နေရေးကို တအာင်းလူမှုအဖွဲ့အစည်းများနှင့် ဒေသအသီးသီး က အလှူရှင်များက လာရောက်ကူညီထောက်ပံ့ထားသည်ဟု စစ်ရှောင်များက ဆိုသည်။

ဒီဇင်ဘာလ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ ဖြစ်ပွားခဲ့သည့် စစ်တပ်နှင့် တအန်းအမျိုးသား လွတ်မြောက်ရေး တပ် မတော် PSLF/TNLA တို့အကြားက တိုက်ပွဲများအတွင်း လက်နက်ကြီးပစ်ခတ်ခြင်းနှင့် စစ်တပ်က လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ကုန်းသာကျေးရွာရှိ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် လူနေအိမ် အားလုံး နီး ပါး ထိမှန်ပျက်စီးသွားခဲ့သည်။

ပျက်စီးသွားသည့် လူနေအိမ်များကို နှစ်ဖက် လက်နက်ကိုင် အဖွဲ့အစည်းများက တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့် နှင့် ပြန်လည် ကူညီတည်ဆောက်ပေးရန် ဒေသခံများ တောင်းဆိုထားကြသည်။

ဒေသခံရွာသားများ၏ တောင်းဆိုမှုကြောင့် တအန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က ကုန်းသာ ကျေးရွာ ပြန်လည်ထူထောင်ရေးကော်မတီကို ဖွဲ့စည်းပြီး အဆိုပါ ကော်မတီက ဒေသခံများနှင့် အတူ ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို လုပ်ဆောင်သွားမည်ဟု ပြောဆိုထားသည်။