ဒီပဲယင်းတွင် ရွာလုံးကျွတ်နီးပါး မီးရှို့ခံရသဖြင့် နေရပ် မပြန်နိုင်ကြ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ထဲက ပျံကျကျေးရွာကို ရွာလုံးကျွတ်နီးပါး စစ်ကောင်စီတပ်က မီးရှို့ခဲ့ရာ ယနေ့အချိန်ထိ နေရပ်ကို မပြန်နိုင်ကြသေးဘူးဟု ဒေသခံများက ပြောသည်။

ဒီပဲယင်းမြို့နယ်ထဲက အေးသာယာပျံကျ ကျေးရွာကို စစ်တပ်က ဝင်ရောက်မီးရှို့ခဲ့သည့်အပြင် ယနေ့ အချိန်ထိ ကျေးရွာအနီးတွင် တဝိုက်သွားလာလှုပ်ရှားနေသည်ဟု ဒီပဲယင်းစစ်ရှောင် ထောက်ပံ့ရေးအဖွဲ့က တာဝန်ရှိသူ တစ်ဦး က ပြောသည်။

“၂၂၊ ၂၃ တုန်းက အရှို့ခံရတာ။ နေစရာအိမ်တွေ မရှိကြတော့ဘူး။ အိမ်ခြေက ၅၀၀ ကျော် ၆၀၀ နီးပါးလောက် လောင်သွားတယ်။ ၆၀၀ ကျော်ရှိတာ အိမ်ခြေ ၄၀ လောက်ပဲ ကျန်ခဲ့တာ။ စစ်ကြောင်းကလည်း အဲ့ဘက်ကို ထွက်နေပြီဆိုတော့ ကျနော်တို့က တိတိကျကျ မြေပြင် သတင်းမယူရဲဘူး။ ဒီတစ်ခါက ကြီးကြီးမားမားပေါ့၊ နှစ်ကြိမ်ရှို့ခံရတယ်။ အရင်အရင်တုန်းက တခါ ရှို့ခံရတာက အိမ်ခြေ ၂၀ အဲ့လောက်ပဲ။ အခုတစ်ခါ အိမ်ခြေ ၅၀၀ ကျော် ၆၀၀ နီးပါးရှို့ခံရတာဗျ။”

ပျံကျကျေးရွာဟာ အိမ်ခြေ ၆၀၀ ကျော် ၇၀၀ နီးပါးရှိသည့် ရွာတစ်ရွာဖြစ်ပြီး ယခုနှစ် ဇူလိုင်လ ပထမပတ်တွင် လည်း တစ်ကြိမ် မီးရှို့ခံခဲ့ရသည်ဟု ဒေသခံများက ပြောသည်။ ပထမအကြိမ်တုန်းက အိမ်ခြေ ၂၀ ကျော်ခန့်သာ အရှို့ခံခဲ့ရသော်လည်း ယခုအကြိမ်မှာ ရွာလုံးကျွတ်နီးပါး အရှို့ခံရခြင်း ဖြစ်သည်ဟု ဆိုသည်။

စစ်တပ်က ကျေးရွာထဲဝင်ပြီး နေအိမ်များကို မီးရှို့ခဲ့သည့်အပြင် စစ်တပ်က ပစ်လိုက်သည့် လက်နက်ကြီးကျည် ကြောင့် အသက် ၁၈ နှစ် အောက် ကလေး ၃ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ရွာထဲ မီးဝင်သတ်သည့် ရွာသားတစ်ဦး လည်း အသတ်ခံ လိုက်ရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ကလေးငယ် ၃ ဦးရှိတယ်ဗျ။ ကလေးငယ်သုံးဦးက ကျည်ဖျင်အထွက်ရွာကို အေးသာယာပျံကျကျေးရွာကနေ လှမ်းပြီးတော့ လက်နက်ကြီးထုတဲ့အခါကြတော့ ကလေး ၃ ဦးထိခိုက်တယ်။ နှစ်ယောက်ကတော့ အထဲကို လက်နက်ကြီးကျည်စဝင်သွားတော့ ခွဲစိတ်ပြီးတော့ ထုတ်ရမယ့် အနေအထားရှိတယ်။ တစ်ဦးကတော့အပေါ်ယံ ပါပဲ။ ထိခိုက်တာ မဆိုးဘူးပေါ့နော်။ ကျွဲ၊ နွားတွေ ထိခိုက်တယ်။ ပြီးတော့ ပျံကျကျေးရွာက ပြည်သူတစ် ယောက်ကို အသတ်ခံရတယ်။ ရွာထဲဝင်ပြီး မီးငြိမ်းသတ်ဖို့လုပ်တဲ့အခါကြတော့ အသတ်ခံရတယ်လို့ ကျနော်တို့ သိရတယ်။

အင်အား ၂၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်၏ ခမရ ၃၆၄ မော်လိုက်အခြေစိုက်တပ်နှင့် ခလရ ၇၀၁ တပ်ရင်းတို့ က ဒီဇင်ဘာလဆန်းမှ စတင်ပြီး ဒီပဲယင်းနှင့် ရေဦးမြို့နယ်တို့အကြား စစ်ကြောင်းထိုးဝင်ရောက်လာခြင်း ဖြစ် သည်ဟု ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။

အဆိုပါ စစ်ကြောင်းမှာ ဒီပဲယင်းမှ ရေဦး၊ ရေဦးမှ ဒီပဲယင်းမြို့နယ်များသို့ သွားလိုက်ပြန်လိုက် စစ်ကြောင်းထိုးနေ ပြီး လမ်းကြောင်း တစ်လျှောက်က ကျေးရွာများကို မီးဝင်ရှို့နေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဒီဇင်ဘာလ ၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်နှင့် ရေဦးမြို့နယ်တို့ထဲက ရွာပေါင်း ၁၉ ရွာက အိမ်ခြေ ၂၀၀၀ နီးပါးခန့်ကို စစ်ကောင်စီတပ် စစ်ကြောင်းက မီးရှို့ခဲ့သည့်အတွက် လူဦးရေ သောင်း ဂဏာန်းမှာ ဘေးလွတ်မည့်နေရာများတွင် စစ်ဘေးရှောင်နေရသည်။

ယခုအရေအတွက်မှာ တိုက်ပွဲများဖြစ်ပွားနေသည့်ကြားက ကောက်ယူထားသည့် စာရင်းများသာ ဖြစ်သည့် အတွက် မြေပြင်တွင် ထိုအရေအတွက်ထက် များနိုင်သည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ဆိုသည်။