မြစ်ကြီးနားတွင် မိုးသီးများကျ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့က ရပ်ကွက်အချို့တွင် ဒီဇင်ဘာ ၂၇ ရက်နေ့၊ နံနက် ၈ နာရီခွဲခန့်က မိုးရွာသွန်းပြီး မိုးသီးများကျခဲ့သည်ဟု ဒေသခံများက ပြောသည်။

လေအေးများနှင့် နွေးသည့်လေများ မိုးတိမ်များပေါ်တွင် ထိတွေ့ရာမှ တဆင့် လေထု အခြေမခိုင်မှုကြောင့် အား ကောင်းသည့် မိုးတိမ်တောင်များဖြစ်ပြီး ၎င်းလေထုများမှ မိုးသီးကြွေကျခြင်းကို ဖြစ်ပေါ်စေခြင်း ဖြစ်သည်ဟု ကချင်ပြည်နယ် မိုးလေဝသနှင့်ဇလဗေဒ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။

“ဒီဖြစ်စဉ် ပြီးသွားရင်တော့ ဆောင်းရဲ့ ပုံမှန်ဖြစ်မြဲ သူ့အလိုလို အအေးဓာတ်က ဝင်လာတော့မှာ ဒါနှစ်တိုင်လည်း ကချင်မှာဖြစ်နေကြလေ” ဟု မိုး/ဇလမှ ဦးတင်ထိုက် က ပြောသည်။

မြစ်ကြီးနားမြို့က ရပ်ကွက်အချို့မှာသာ မိုးသီးကြွေကျခဲ့ခြင်းဖြစ်ပြီး ကချင်ပြည်နယ် အတွင်း အနိမ့်ဆုံးအပူချိန် မှာ ၉ ဒဿမ ၂ ဒီဂရီ အထိရောက်ရှိပြီး ဖြစ်ပြီး ရှေ့ရက်များထဲ ၈ ဒီဂရီအထိ ရောက်ရှိမည်ဟု ကချင်ပြည်နယ် မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ ခန့်မှန်းထားသည်။

“မနေ့က မိုးရွာတာ။ တော်တော်အေးတာ။ မိုးလည်းရွာ မိုးသီးလည်းကျတယ်လေနော်။ ကျမတို့ဆို မီးဖိုလုပ်ပြီး မီးလှုံနေရတယ်။ နေလည်း တနေကုန်မထွက်ဘူး။ ဒီနေ့တော့ မိုးမရွာတော့ဘူး။ ဒါပေမယ့် နေတော့ မထွက်ဘူး လေ။ တနေကုန် မိုးအုံးနေတယ်။ အရမ်းချမ်းတာ ဟုတ်တယ် မြစ်ကြီးနားမှာ” ဟု မြစ်ကြီးနားမြို့ခံ အမျိုးသမီး တစ်ဦးက ပြောသည်။

ကချင်ပြည်နယ်အတွင်း ၂၀၂၂ ခုနှစ် ဇန္နဝါရီလ၏ ဒုတိယပတ်အတွင်းက ဆောင်းရာသီ၏ အအေးဆုံးနေ့ရက်များ ဖြစ်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဇန္နဝါရီလအတွင်း မြစ်ကြီးနားမြို့က ရပ်ကွက်အချို့တွင် ယမန်နေ့က ဖြစ်စဉ်ကဲ့သို့ မိုးများ ရွာသွန်းကာ မိုးသီးအများအပြားကျခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

တရုတ်-မြန်မာနယ်စပ်၊ မြန်မာနိုင်ငံ မြောက်ဖျားပိုင်းရှိ ကချင်ပြည်နယ် အထူးဒေသ (၁) ချီဖွေခရိုင်အတွင်းက ပန်ဝါ၊ ဖီမော်၊ ချီဖွေ၊ ဆော့လော် အစရှိသည့် ဒေသတို့တွင်လည်း အအေးလွန်ကဲလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

ပန်ဝါ၊ ဖီမော်၊ ချီဖွေ၊ ဆော့လော် အစရှိသည့် ဒေသများသည် နှစ်စဉ် ဒီဇင်ဘာလ နောက်ဆုံးပတ်မှ စတင်ကာ အအေးဓါတ်ကဲလာပြီး ဇန္နဝါရီ၊ ဖေဖော်ဝါရီလများတွင် ဆီးနှင်းများထူထပ်စွာ ကျလေ့ရှိသည်ဟု ဒေသခံများက ပြောသည်။