ဖားကန့်တွင် ဖမ်းဆီးထားသူ အများအပြား ပြန်မလွတ်သေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်။

ကချင်ပြည်နယ်၊ ဖားကန့်ကျောက်စိမ်းမှော်အတွင်း ဒေသခံရွာသားများ၊ ကျောက်စိမ်းတူး ဖော်သူ ရေမဆေးသမားများနှင့် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီက အလုပ်သမားများကို စစ်တပ်က ဖမ်းဆီး သွားပြီး အများစုမှာ ယနေ့အချိန်ထိ ပြန်မလွတ်လာသေးဘူးဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယခုနှစ် နိုဝင်ဘာလမှ စတင်၍ ဒီဇင်ဘာလအထိ ဖားကန့်ကျောက်စိမ်းမှော် အတွင်း အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးခြင်းများ ဆက်တိုက်လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ဖားကန့်ဒေသခံ များက ပြောသည်။

လုံးခင်း-မှော်စီစာ ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက် တစ်ခုအတွင်း စစ်ကောင်စီတပ်က ဝင်ရောက်လာပြီး ရေမဆေးသမားများ နှင့် ကုမ္ပဏီ က အလုပ်သမားများကို ဖမ်းဆီးသွားပြီးနောက် ယနေ့အချိန်ထိ အဆက် အသွယ် မရသေးဘူးဟု လုံးခင်းဒေသခံ ပြည်သူများက ပြောသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ “စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၁၇ ရက်နေ့က ကျောက်စိမ်း လုပ်ကွက်ထဲကို ဝင်လာ ပြီး စစ်ဆေးမှုတွေ လုပ် တယ်။ အလုပ်သမားတွေကိုလည်း ဖမ်းသွားတယ်။ ရေမဆေးသမားတွေကိုလည်း ဖမ်း တယ်။ ဘယ် နှစ်ယောက် ဖမ်းသွားတယ် ဆိုတာတော့ အတိကျမသိဘူးပေါ့။ ပြောတာတော့ ၅၀ နီးပါးရှတယ်လို့ ပြောကြတယ်။ အဲ့ရက်ပိုင်းက စစ်ကောင်စီတပ်က အဲ့ဒီလုပ်ကွက်မှာပဲ နေရာချ နေ နေကြတာ ဟုတ်တယ်” ဟု လုံးခင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ဒီဇင်ဘာလ ၁၇ ရက်နေ့က မှော်စီစာကျေးရွာရှိ “ဆင်စိန်”ဆိုသည့် ကျောက်စိမ်းကုပ်ကွက်အတွင်းက အလုပ် သမားများ ဖမ်းဆီးခံခဲ့ရသည့် အခြေအနေနှင့် ပတ်သက်၍ ပြောပြခြင်း ဖြစ်သည်။

ကျောက်စိမ်းလုပ်ကွက်အတွင်းက အလုပ်သမားများကို ဖမ်းဆီးထားပြီးနောက် ထိုလုပ်ကွက်အတွင်း စခန်းချ နေထိုင်သည့် အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သေးသည်ဟု ဆိုသည်။

“အဲ့ညကဆို ဆင်စိန်လုပ်ကွက်ထဲကနေ တမင် အပြင်ဘက်ကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ တာ။ ပြည်သူတွေကို ကြောက်အောင် တမင်သက်သက် ပစ်ပြတဲ့သဘောမျိုးဟုတ်တယ်” ဟု ဒေသခံ အမျိုး သမီး တစ်ဦးက ပြောသည်။

အလားတူ ဒီဇင်ဘာလ ၅ ရက်နေ့တွင်လည်း စစ်တပ်က ဖားကန့်-မှော်ပုံကျေးရွာက ပြည်သူအယောက် ၂၀ နီးပါး ခန့်ကို ဖမ်းဆီးသွားပြီး ယခုအချိန်ထိပြန်မလွတ်ပေးသေးဘူးဟု ဒေသခံများက ပြောသည်။

ညတိုင်းနီးပါးလည်း လက်နက်ကြီး/လက်နက်ငယ် ပစ်ခတ်သံများ ကြားနေရသည်ဟု ဒေသခံများက ပြောသည်။

ဒေသခံအမျိုးသားတစ်ယောက်က “စစ်တပ်က အခုရက်ပိုင်း နေ့တိုင်း ညတိုင်းလိုလို သေနတ်တွေနဲ့ ပစ်တယ်။ ပြည်သူရှိတဲ့ ရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်တာတွေ လုပ်နေတော့ ညရောက်ရင်လည်း အိမ်ထဲမှပဲ နေရမလိုလို အပြင်ကိုပဲ ထွက်ပြေး ပုန်းနေရမလိုလို၊ ကျနော်တို့ဖားကန့်က ဘယ်နေရာမှာမှ လုံခြုံမူ မရှိတော့ဘူး။ ဘယ်နေ့ ကျနော်တို့အိမ် အိမ်လာစစ်မလဲ၊ ဘယ်နေ့ လက်နက်ကြီးနဲ့ ပစ်လိုက်မလဲဆိုပြီး အမြဲ စိုးရိမ်ပြီး နေ နေရတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာလမှ စတင်၍ ယနေ့အချိန်ထိ ဖားကန့်မြို့နှင့် မြို့အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများထဲ ဝင်ရောက်စစ်ဆေးမှုများ မကြာခဏလုပ်နေသည့် အပြင် လမ်းသွားလမ်းလာ ပြည်သူများကို လည်း တားဆီးစစ်ဆေးကာ အပြစ်မရှိ ပြည်သူများကို မကြာခဏ ဖမ်းဆီးလေ့ရှိသည်ဟု ဆိုသည်။

နိုဝင်ဘာလမှ ဒီဇင်ဘာလလယ်အထိ စစ်တပ်က ဖမ်းဆီးခဲ့သူ ၁၀၀ ကျော်အထက်တွင် ရှိနိုင်သည်ဟု ဒေသခံ များက ပြောသည်။ ထိုသို့ ဖမ်းဆီးခံရမှုများ ဆက်တိုက်ရှိနေပြီး ဖမ်းဆီးခံရသူများနှင့် ပတ်သက်၍ နောက်ဆက် တွဲ အခြေအနေ များကို သိရှိနိုင်ရေးလည်း သတင်းအစအနပင် မရဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။

အလားတူ ၎င်းတို့ မင်္သကာသည့် ကျောက်စိမ်းလုပ်ကွက်များထဲ ဝင်ရောက်စီးနင်းက ကုမ္ပဏီလုပ်သားများ၊ ရေမဆေးသမားများကို ဖမ်းဆီးခြင်းနှင့် ကျောက်စိမ်း လုပ်ကွက်များအတွင်း တပ်စွဲနေထိုင်ခြင်းတို့ကို လုပ် ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။