ရွှေဝယ်သူ ခရီးသည်တင် မှန်လုံကား ဓါးပြ တိုက်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၃ ရက်။
ရေး – သံဖြူဇရပ် ကားလမ်းပိုင်းတွင် ဇန္နဝါရီလ ၂ ရက်နေ့၊ နံနက်ပိုင်းက ရွှေဝယ်သူ ခရီးသည်တင် မှန်လုံကား ဓါးပြတိုက်ခံရသည်။
ရန်ကုန် – ထားဝယ် – မြိတ်သို့ ပြေးဆွဲနေသည့် ရွှေဝယ်သူ ခရီးသည်တင် မှန်လုံကားသည် ဇန္နဝါရီလ ၂ ရက်နေ့၊ နံနက် ၄ နာရီ အချိန်ခန့်က မွန်ပြည်နယ်၊ ရေးမြို့နယ် ရေး – သံဖြူဇရပ် ကားလမ်းပိုင်း မှ နင်ကမော့ ကျေးရွာအနီးတွင် ဓါးပြတိုက်ခံရခြင်း ဖြစ်သည်။
“သူတို့က သေနတ်ဖောက်ပြီး ကားကို ရပ်ခိုင်းတယ်။ အကုန်လုံး ကားသမားရော ခရီးသည်ရော ကားပေါ်က ဆင်းခိုင်းပြီးတော့ လက်ဝတ်လက်စားတွေ ပိုက်ဆံအိတ်တွေ ပြီးတော့ လက်ကိုင်ဖုန်း အကုန်ယူသွားတယ်။ မှတ် ပုံတင်တွေလည်း ပါသွားတယ်” ဟု ခရီးသည်တစ်ဦးက ပြောသည်။
ဓါးပြအဖွဲ့သည် ကားပေါ်တွင် ပါလာသူ ခရီးသည်များ၏ လက်ဝတ်လက်စားများ ပိုက်ဆံအိတ်များ၊ ဖုန်းများ ကို ယူဆောင်သွားသည်ဟု ခရီးသည်များက သတင်းနှင့်မီဒီယာကွန်ရက်ကို ပြောသည်။
ကားကို ဓါးပြတိုက်သွားသည့် လူအုပ်စုမှာ လူဦးရေ ၁၀ ဦးခန့် ပါရှိပြီး အရပ်ဝတ် ဝတ်ဆင်ထားကာ တောစီးဖိနပ် များ စီးထားကြကြောင်း၊ လက်လုပ် သေနတ်များကို ကိုင်ထားကြသူများ ဖြစ်သည်ဟုလည်း ခရီးသည်များ က ပြောသည်။
ဓါးပြတိုက်ခံရသည့် ရွှေဝယ်သူ မှန်လုံကားသည် ရန်ကုန်မှ မြိတ်သို့ ဆင်းလာသည့် ကားဖြစ်ပြီး ကားပေါ်တွင် သံဃာတော်တစ်ပါး အပါအဝင် ခရီးသည် ၃၂ ဦး စီးနင်းလိုက်ပါလာသည် ဟု ရွှေဝယ်သူယာဥ်လိုင်း တာဝန်ရှိသူက ပြောသည်။
ရွှေဝယ်သူ မှန်လုံးကား ဓါးပြတိုက်ခံရသည့် ဖြစ်စဉ်တွင် စုစုပေါင်း တန်ဖိုး ငွေကျပ် သိန်း ၂၀၀ နီးပါးခန့် ပါသွား သည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူများက ပြောသည်။
အဆိုပါ ဓါးပြတိုက်ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေ သည်ဟုလည်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများက ပြောသည်။
သို့သော် ယနေ့ ဇန္နဝါရီလ ၃ ရက်နေ့ အထိ ဓါးပြတိုက်သည့်အဖွဲ့နှင့် ပတ်သက်၍ တစ်စုံတစ်ရာ ဖော်ထုတ်နိုင် ခြင်း မရှိသေးဘူးဟု ရွှေဝယ်သူ မော်တော်ယာဉ်လိုင်းနှင့် နီးစပ်သူများက ပြောသည်။