စစ်ကောင်စီ သတင်းပေး တစ်ဦး အနီးကပ် ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၃ ရက်။

စစ်ကောင်စီ သတင်းပေးတစ်ဦး ဆိုင်ကယ်မောင်းနေစဉ် ဟင်္သာတမြို့နယ်အတွင်း ပစ်ခတ်ခံခဲ့ရပြီး သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

အင်္ဂပိုကျေးရွာအုပ်စု၊ သဲကုန်းကြီးကျေးရွာအနီး ဟင်္သာတ-မြို့ကွင်း ကားလမ်းဘေး မိုင်တိုင်အမှတ် (၁၀/၆)နှင့် (၁၀/၇) အကြားတွင် သေနတ်နှင့်အနီးကပ် ပစ်ခံရခြင်းဖြစ်သည်ဟု ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူ တစ်ဦး က ပြောသည်။

ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူ တစ်ဦး က “သေနတ်နဲ့ အနီးကပ် ပစ်သွားတာ။ သေနတ်မှန်ထားတာ ၇ ချက်တောင်။ ပွဲချင်းပြီးပဲ။ အလောင်းကို ချက်ချင်းသယ်သွားတယ်” ဟု ပြောသည်။

သေနတ်ဖြင့် ပစ်ခံပြီးသေဆုံးသွားသူမှာ တလုတ္ထော် ကျေးရွာ အမှတ်(၂) ရပ်ကွက်တွင် နေထိုင်သူ ဦးကျော်လွင် ဆိုသူ ဖြစ်သည်။ ဦးကျော်လွင်မှာ ဇန္နဝါရီလ ၁ ရက်နေ့၊ နံနက် ၈ နာရီခန့်က ပစ်ခံရခြင်းဖြစ်သည်ဟု ဒေသခံများ က အတည်ပြုသည်။

ဦးကျော်လွင်သည် မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ငွေကြေးတောင်းခံ၍ လောင်း ကစားဝိုင်းများကို ဦးဆောင်ပြုလုပ်နေသူ တစ်ဦး ဖြစ်သည့်အပြင် ၎င်း၏ သတင်းပေးမှုများကြောင့် ထွက်ပြေး တိမ်းရှောင်နေရသူ အများအပြားရှိနေသည်ဟု တလုတ္ထော် ရွာသားတစ်ဦး က ပြောသည်။

အသက် ၅၀ ကျော်အရွယ် သဲကုန်းကြီး ရွာသားတစ်ဦးက “CDM ဝန်ထမ်းတွေကို စစ်သားနဲ့ရဲတွေဆီ သတင်းပေးဖမ်းခိုင်းတယ်။ သူက အမှုပွဲစားလုပ်ပြီး ငွေတောင်းတာ ပေးနိုင်ရင်လွတ်ပြီး မပေးနိုင်တဲ့သူတွေက အခုထိ အချုပ်ထဲ ထောင်ထဲမှာ တစ်ပို့တည်းသမား” ဟု ပြောသည်။

ဦးကျော်လွင် သေနတ်ဖြင့် ပစ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဟင်္သာတ-မြို့ကွင်း ကားလမ်း တစ် လျှောက်၊ တလုတ္ထော်ကျေးရွာအတွင်းနှင့် ဟင်္သာတမြို့ အဝင်အထွက်တို့ကို စစ်ဆေးမှုများ တင်းတင်းကြပ်ကြပ် လုပ်ဆောင်နေသည်ဟု ဒေသခံများကပြောသည်။

ဒေသခံ လူငယ်တစ်ဦးက “မသက်ဆိုင်တဲ့ ဒေသခံတွေကို ရိုက်နှက်တာ ဖမ်းဆီးတာတွေ လုပ်မှာကို စိုးရိမ်တယ်” ဟု ပြောသည်။

၂၀၂၃ ခုနှစ်သည် တော်လှန်ရေး၏ အဆုံးအဖြတ် ကာလဖြစ်သည်ဟု NUG အစိုးရက ကြေညာထားပြီး ယခု ဖြစ်စဥ်သည် ဧရာဝတီတိုင်းတွင် နှစ်သစ်၏ အစောဆုံး Mission တစ်ခုအနေဖြင့် စစ်ကောင်စီ ထောက်တိုင် တစ်ဦး သုတ်သင်ရှင်းလင်းခံရခြင်း ဖြစ်သည်။

သို့သော် စစ်ကောင်စီသတင်းပေး ဦးကျော်လွင်အား မည်သည့်အဖွဲ့က ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ကိုမူ တစ်စုံတစ်ရာ ထုတ်ပြန် ပြောဆိုထားခြင်းမျိုးကိုလည်း မတွေ့ရသေးပေ။