ထောင် ဆယ်နှစ် ချခံရသူ ကျောင်းသူကို မအူပင်မှ ပုသိမ် ထောင်သို့ ပြောင်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၃ ရက်။

စစ်ကောင်စီ၏ မအူပင်ထောင်တွင်း တရားရုံးက ထောင်ဒဏ် ၁၀ နှစ် ချလိုက်သည့် မအူပင်နည်းပညာ တက္က သိုလ်က နောက်ဆုံးနှစ် ကျောင်းသူတစ်ဦးကို ပုသိမ်အကျဉ်းထောင် ပြောင်းရွှေ့လိုက်သည်ဟု အကျဉ်းဦးစီး ဌာနနှင့် နီးစပ်သူများက ပြောသည်။

ထောင်ဒဏ် ၁၀ နှစ် အမိန့်ချခံရပြီးနောက် ပုသိမ်ထောင်ကို အပို့ခံရသည့် ဧရာဝတီတိုင်း မအူပင် နည်းပညာ တက္ကသိုလ်က နောက်ဆုံးနှစ် ကျောင်းသူမှာ မရွှေခြူးဝိုင်းဆိုသူဖြစ်ပြီး စစ်ကောင်စီ လက်အောက်ခံ မအူပင် ထောင်တွင်း တရားရုံးက ပုဒ်မ ၅၀ – ည ဖြင့် တရားစွဲ ထောင်ချခဲ့ခြင်း ဖြစ်သည်။

မရွှေခြူးဝိုင်း ၏ မိသားစု နှင့် နီး စပ်သူတစ်ဦး က “မအူပင်ထောင် အထူးတရားရုံးက အမိန့်ချပြီးတဲ့ နေ့မှာပဲ ပုသိမ်ထောင်ကို အပြောင်းခံရတာ။ မိသားစုတွေ ခင်မျာ ထောင်ဝင်စာကိစ္စအတွက် အခက်အခဲတွေ ဖြစ်ကုန် တယ်“ ဟု ပြောသည်။

မရွှေခြူးဝိုင်းကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် မအူပင်ထောင်တွင်း တရားရုံးမှ ထောင်ဒဏ် ၁၀ နှစ် အမိန့် ချပြီးနောက် ပုသိမ်အကျဉ်းထောင်ကို ချက်ချင်းပင် ပြောင်းရွှေ့လိုက်ခြင်း ဖြစ်သည်ဟု အကျဉ်းဦးစီးဌာနနှင့် နီးစပ် သူများက ပြောသည်။

မရွှေခြူးဝိုင်းသည် မအူပင် နည်းပညာတက္ကသိုလ်၏ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂ (ဗကသ) အဖွဲ့ ချုပ် မှ သတင်းနှင့်ပြန်ကြားရေး ကော်မတီဝင် တစ်ဦး ဖြစ်ပြီး သူမကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ ပထမပတ် အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

မအူပင် နည်းပညာတက္ကသိုလ် ကျောင်းသူ မရွှေခြူးဝိုင်းသည် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗကသ) အဖွဲ့ချုပ်တွင် သတင်းနှင့် ပြန်ကြားရေး ကော်မတီဝင် တာဝန်ကို ၂၀၂၀ ခုနှစ် ရှေ့ပိုင်းက လက်ခံယူခဲ့ခြင်းဖြစ်ပြီး စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြရုံဖြင့် ထောင်ဒဏ်နှစ်ရှည် ချခံရခြင်း ဖြစ်သည်ဟု ရှေ့နေအသိုင်း အဝိုင်းနှင့် ဗကာကျောင်းသားဟောင်းများက က ပြောသည်။

ဗကသ ကျောင်းသားဟောင်း တစ်ဦးက “စစ်ကောင်စီက ကျောင်းသားတွေ ကျောင်းသူတွေကို ကြောက် ကြောက်နဲ့ အတင်း ဖိနှိပ်နေတာ” ဟု ပြောသည်။

စစ်ကောင်စီက ၎င်းတို့ကို ဆန့်ကျင်သည့် သူများကို ထောင်ဒဏ်နှစ်ရှည်များ ချနေသည်ကိုတွေ့ရပြီး နိုဝင်ဘာလ ၁၇ ရက်နေ့ လွတ်ငြိမ်းခွင့်တွင် လွတ်မြောက်လာသည့် နိုင်/ကျဉ်း ဦးရေက ပုသိမ်ထောင်မှ ၄၆ ဦးသာ လွတ်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ အတွင်းမှာပင် ပုသိမ်ထောင်တွင် ထောင်ဒဏ်နှစ်ရှည် ချခံရသူ အယောက် ၆၀ ကျော်ခန့် အထိ ရှိသွားပြီဟု အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူများက ပြောသည်။

ဧရာဝတီတိုင်း အတွင်းက အကျဉ်းထောင် ၅ ခု တွင် ဖမ်းဆီးခံထားရသည့် နိုင်ငံရေး အကျဉ်းသား ၁၄၀၀ ကျော် ရှိနေပြီး ဧရာဝတီတိုင်းအတွင်းရှိ တက္ကသိုလ်၊ ကောလိပ်၊ အထက်တန်းကျောင်း အသီးသီးမှ ကျောင်းသား ကျောင်းသူ လူငယ် အများအပြားလည်း ပါဝင်သည် ရှေ့နေအသိုင်းအဝိုင်းက ပြောသည်။