ရဲစခန်းတွင်း ရဲနှင့် စစ်သား ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၃ ရက်။

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရှိ ရဲစခန်းအတွင်း စစ်သားနှင့် ရဲ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ တစ်ဦးသေ၊ တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

လောင်းလုံးမြို့နယ် ရဲစခန်းအတွင်း စစ်ကောင်စီ တပ်သားနှင့် လက်အောက်ခံ ရဲတို့ အကြား ဇန္နဝါရီလ ၁ ရက် နေ့တွင် အချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ၁ ဦးသေ၊ ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြော သည်။

“အချင်းချင်း ပစ်ခတ်မှုဖြစ်တယ်ဆိုတာ ဒီနေ့ (၂ ရက်နေ့) မနက်မှ သိရတာ။ ခါတိုင်းလည်း ညဘက်ဆို မူးပြီး ရမ်းသန်း ခြောက်လှန့် ပစ်တာမျိုးတွေ ရှိနေတော့ ရန်ဖြစ်ကြတာလို့ မထင်မိဘူး” ဟု ရဲစခန်းနှင့် နီးစပ်သူ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

ဇန္နဝါရီလ ၁ ရက်နေ့၊ ည ၈ နာရီခွဲ အချိန်ခန့်က ရဲစခန်းဝင်းအတွင်းမှ အော်ဟစ် ဆဲဆိုသံများနှင့်အတူ သေနတ်သံ ၇ ချက်ခန့် ဆက်တိုက် ကြားခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ည ၉ နာရီခန့်တွင် အရေးပေါ် လူနာတင်ကားတစ်စီး၊ ရဲစခန်းမှ Vigo ကား တစ်စီးတို့ ဖြင့် သေဆုံးသူနှင့် ဒဏ်ရာရသူများအား တင်ဆောင်ကာ ထားဝယ်ဘက်သို့ မောင်းနှင်သွားသည်ကို မြင်တွေ့ခဲ့ရ သည်ဟု ဒေသခံများက ပြောသည်။

လောင်းလုံးရဲစခန်းအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း အယောက် ၃၀ ဝန်းကျင်ခန့် ရှိသည်ဟု ရဲစခန်းအနီးနေထိုင်သူများက ပြောသည်။

အလားတူ အဆိုပါ လောင်းလုံရဲစခန်းအတွင်း ပျူစောထီးအဖွဲ့ဝင်များလည်း လာရောက်နေထိုင်ခြင်းများနှင့် ဝင်ထွက်သွားလာမှုများလည်း ရှိနေသည်ဟု ဒေသခံများက ပြောသည်။