ရိုဟင်ဂျာ ၄၀ နီးပါး ကျောက်တင်ကားပေါ်တွင် ဖမ်းမိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၃ ရက်။

ကျောက်တင်ကားပေါ် လိုက်ပါလာသည့် ရိုဟင်ဂျာ ၃၉ ဦးကို စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များက ဧရာဝတီတိုင်း၊ ဟင်္သာမြို့နယ်အတွင်း ဖမ်းဆီးခဲ့သည်ဟု ဒေသခံ အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူများက ပြော သည်။

ရိုဟင်ဂျာ ကလေး ၁ ဦး၊ အမျိုးသမီး ၂ ဦး၊ အမျိုးသား ၃၆ ဦး၊ စုစုပေါင်း ၃၉ ဦးကို ဟင်္သာတမြို့နယ် အတွင်း ဖမ်းမိထားခြင်း ဖြစ်သည်ဟု ပြောသည်။

ဒေသခံအုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက “သူတို့စီးလာတဲ့ ကျောက်တင်ကားကို လယ်တီမြို့ဝင် စစ်ဆေးဂိတ် က တားတာ။ အဲ့ဒါကို ရပ်မပေးဘဲ မောင်းပြေးလို့ နောက်ကလိုက် ဖမ်းရတာ” ဟု ပြောသည်။

ဇန္နဝါရီလ ၂ ရက်နေ့၊ နံနက် ၁၀ နာရီ အချိန်ခန့်တွင် ဟင်္သာတမြို့၊ မြဝတီရပ်ကွက် အတွင်း ရပ်ထားခဲ့သည့် ကား ပေါ်တွင် ကလေးနှင့် အမျိုးသမီးများ အပါအဝင် ရိုဟင်ဂျာ ၃၉ ဦးကို ဖမ်းမိခဲ့ခြင်းဖြစ်သည် ဟု အုပ်ချုပ်ရေး အဖွဲ့နှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။

ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက “ကားသမားက ကားကို ရပ်ထားပြီး ထွက်ပြေးသွားပါ။ ကားသမားကို ဖမ်း မမိ သေးဘူး” ဟု ပြောသည်။

ဧရာဝတီ မြန်မာ-မူဆလင် ကွန်ရက်အဖွဲ့ဝင် တစ်ဦး က “သူတို့က ရခိုင်ပြည်နယ်ထဲမှာ မွေးတဲ့သူတွေပါ။ ရခိုင် ဘက်မှာက အလုပ်အကိုင် အခွင့်အလမ်း နည်းတယ်။ နေရေးရော ရှင်ရေးရော ခက်ခဲနေကြတာကြောင့် နေရာ သစ်ရှာဖွေဖို့ ထွက်လာကြသူတွေ ဖြစ်ပါတယ်” ဟု ပြောသည်။

ဖမ်းဆီးခံထားရသည့် ရိုဟင်ဂျာများကို ဟင်္သာတမြို့မ ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားပြီး သက်ဆိုင်ရာဌာန ဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေးမှုများ လုပ်နေဆဲဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင်လည်း ဘိုကလေးမြိုနယ်၊ ကဒုံကနိကျေးရွာအုပ်စု၊ ကဒုံးလေးကျွန်း အနီး တွင် စက်လှေနစ်မြုပ်ကာ ရေကူးပြီး ကမ်းပေါ်တက်ကြသည့် ရိုဟင်ဂျာ ကလေး ၁၂ ဦး၊ အမျိုးသမီး ၄၃ ဦး၊ အမျိုးသား ၅၇ ဦး၊ စုစုပေါင်း ၁၁၂ ဦးတို့ ဖမ်းဆီးခံခဲ့ရသည်။

ရခိုင်ပြည်နယ် အတွင်းက ရိုဟင်ဂျာများသည် ကြံခင်း၊ လေးမျက်နှာ၊ ရေကြည်၊ ငသိုင်းချောင်း၊ သာပေါင်း၊ ပုသိမ်၊ ရွှေသောင်ယံ၊ ချောင်းသာ၊ ငွေဆောင်၊ ငရုတ်ကောင်းတို့ဘက်မှ ဝင်ရောက်လာနေကြပြီး မအူပင်၊ မြောင်း မြ၊ ဘိုကလေး၊ လပွတ္တာ၊ ဝါးခယ်မ၊ ကျိုက်လတ်၊ ဟင်္သာတမြို့များအထိ ပြန့်နှံ့ ရောက်ရှိလာလေ့ ရှိသည်ဟု လဝက အရာရှိဟောင်း တစ်ဦးက ပြောသည်။

၂၀၂၂ ခုနှစ် ဧပြီလမှ ဒီဇင်ဘာလအတွင်း ရခိုင်ပြည်နယ်ဘက်မှ ဧရာဝတီတိုင်း အတွင်းသို့ နယ်မြေဖြတ်ကျော် လာ သည့် ရိုဟင်ဂျာ စုစုပေါင်း ၇၀၀ နီးပါး ဖမ်းဆီးခံထားရသည့်အနက် အယောက် ၁၅၀ ကျော်ကို လဝက ဥပဒေ ပုဒ်မဖြင့် ထောင်ဒဏ် ၂ နှစ်စီ ချထားပြီး ဖြစ်သည်ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူများက ပြောသည်။