တနင်္သာရီတွင် ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်၊ စစ်ကောင်စီ ၇ ဦး၊ PDF ၁ ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၃ ရက်။
တနင်္သာရီမြို့နယ်အတွင်း ၂ ရက်ဆက်တိုက် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သား ၇ ဦး နှင့် ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့ဝင် ၁ဦး သေဆုံးခဲ့ပြီး ဒေသခံများလည်း ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည် ဟု ဘက်မလိုက်ပြောက်ကျားအဖွဲ့ တာဝန်ရှိသူများ က ပြောသည်။
နှစ်သစ်ကူးည ဖြစ်သည့် ဒီဇင်ဘာ ၃၁ ရက်နေ့ ည ၁၀ နာရီခန့်က မော်တုန်းကျေးရွာရှိ အမှတ် (၃၀၆) အမြောက် တပ်ရင်းမှ သောက်စားမူးယစ်ပြီး ပြန်လာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ကဒဲလိပ်ကျေးရွာ လမ်းပိုင်းတွင် တနင်္သာရီ ရိုးမ ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မြိတ်ခရိုင်တပ်ရင်း ၂၊ တပ်ခွဲ(၁/၂) တို့က ပူးပေါင်းကာ စောင့်ကြို ပစ် ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့သည်။
ထို့နောက် ဇန္နဝါရီလ ၁ ရက်နေ့၊ နံနက်ပိုင်းတွင်လည်း တနင်္သာရီ – ဗောဓိကမ်း တံတားထိပ် စစ်ဆေးရေးဂိတ်သို့ ခြေလျင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များက ထပ်မံ သွားရောက်၍ စောင့်ကြိုကာ ချောင်းမြောင်းပစ်ခတ်ခဲ့သေးသည်ဟု ဘက်မလိုက်ပြောက်ကျားအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်သား ၃ ဦး သေဆုံးပြီး သေနတ်တစ်လက်ကိုလည်း သိမ်းဆည်းရမိခဲ့ကာ ပူးပေါင်းတပ်ဖွဲ့များဘက်မှ ဘေးကင်းစွာ ပြန်လည် ဆုတ်ခွာလာနိုင်ခဲ့သည်ဟု ဆိုသည်။
ထို့အပြင် ဇန္နဝါရီလ ၁ ရက်နေ့၊ နံနက် ၈ နာရီခန့်မှာပင် ဘန်လောကျေးရွာသို့ ခြေလျင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ၏ ခမရ ၅၆၁ တပ်ရင်းမှ တပ်ဖွဲ့ဝင်များနှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ ၃ ကြိမ်ဆက်တိုက် ဖြစ်ပွားခဲ့သည်ဟု တိုက်ပွဲများအတွင်း ပါဝင်ခဲ့သူ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
PDF တပ်ဖွဲ့ဝင်တစ်ဦးက “နေ့လည် ၂ နာရီဝန်းကျင် အထိ တိုက်ပွဲသုံးကြိမ်မှာ အချိန် ၆ နာရီလောက် ကြာတယ်။ စစ်တပ်က လက်နက်ကြီးတွေ အတော်များများနဲ့ ဆက်တိုက်ကို ပစ်နေတာကြောင့် လက်နက်ချင်း မမျှလို့ ပြန် ဆုတ်လာခဲ့ရတယ်” ဟု ပြောသည်။
ထိုတိုက်ပွဲများ အတွင်း စစ်သား ၃ ဦးသေဆုံးပြီး ၁ ဦးမှာ ပြင်းထန် ဒဏ်ရာရရှိသွားခဲ့ကာ PDF ပူးပေါင်းတပ်ဖွဲ့ဝင် များဘက်မှ ၁ ဦး ကျဆုံးခဲ့သည်ဟု တနင်္သာရီ – ပကဖ အဖွဲ့ တာဝန်ရှိသူတစ်ဦး က ပြောသည်။
ဇန္နဝါရီလ ၁ ရက်နေ့၊ ညနေ ၃ နာရီ အချိန်ခန့်က မော်တုန်းအမြောက်တပ်မှ ရမ်းသန်းပစ်ခတ်ခဲ့သည့် လက်နက်
ကြီး ထိမှန်မှုကြောင့် ဘန်းလမွတ်ကျေးရွာရှိ နေအိမ်တဆောင် မီးလောင်ပျက်စီးခဲ့သည်ဟု ရွာသားများက ပြောသည်။
ဇန္နဝါရီလ ၁ ရက်နေ့က ညနေပိုင်း အချိန်အထိ စစ်ကောင်စီတပ် ခမရ ၅၆၁၊ ခမရ ၅၅၆၊ ဗောဓိကမ်းတပ်နှင့် မော်တုန်း အမြောက်တပ် ၃၀၆ တို့က လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့သည့်အတွက် ရွာပေါင်း ၁၂ ရွာခန့်က ဒေသခံရွာသား တစ်ထောင်ကျော်က ဘေးလွတ်မည့်နေရာများတွင် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
ရပ်ရွာများမှ ထွက်ပြေးတိမ်းရှောင်ရသည့် ရွာသားများမှာ တနင်္သာရီ မြို့နယ်အတွင်းရှိ ညောင်ပင်ကွင်း၊ ၆မိုင်၊ ၅မိုင်၊ ပျို့အိုင်၊ ဗောဓိကမ်း၊ ဘန်လော၊ ဖာနီ၊ လေးမိုင်၊ ရေခမ်းချောင်း၊ ဘန်းလမွတ်၊ ညောင်ပင်ကုန်း နှင့် ရမ်းဖို ကျေးရွာတို့မှ ဒေသခံရွာသားများ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။