ပျူစောထီး စခန်းနှင့် အဖွဲ့ဝင် နေအိမ်များကို PDF များဝင်စီး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းမိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၃ ရက်။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးအတွင်းရှိ ပျူစောထီး အခြေစိုက်စခန်းနှင့် အဖွဲ့ဝင်အချို့၏ နေအိမ်များကို PDFများက ဝင်ရောက်ရှင်းလင်းခဲ့ပြီး လက်နက်များအပါအဝင် ဆက်စပ်ပစ္စည်းအချို့ကို သိမ်း ဆည်း ရမိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။

လောင်းလုံးမြိုနယ် ပန်းဒလဲကျေးရွာရှိ ပျူစောထီးအဖွဲ့များ၏ အခြေစိုက်ခန်းတစ်ခုနှင့် အဖွဲ့ဝင်များ၏ နေအိမ် အချို့ကို ဝင်ရောက်ရှင်းလင်းခဲ့သည်ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF က ဇန်နဝါရီ ၁ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

LLPDF တပ်ဖွဲ့ဝင်တစ်ဦး က “လူတွေတော့ ထွက်ပြေးသွားလို့ ဖမ်းမမိခဲ့ဘူး။ သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေအထဲ မှာ လက်နက်လွှဲပြောင်း မှတ်တမ်းတွေ၊ စစ်တပ်နဲ့ အရေးကြီး ချိတ်ဆက်ထားတဲ့ မှတ်တမ်းတွေလည်း ပါတယ်။ မိုင်း ၃ လုံးနဲ့ သေနတ် လေးငါး ချက်လောက် ခြောက်လှန့် အသုံးပြု ပစ်ခတ်တာမျိုးတော့ ပြုလုပ်ခဲ့ရတယ်” ဟု ပြော သည်။

အဆိုပါ စစ်ဆင်ရေးကို ဒီဇင်ဘာလ ၃၁ ရက်နေ့၊ ည ၈နာရီခန့်မှ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထားဝယ်ခရိုင် အတွင်းရှိ မြို့နယ် ၄ မြို့နယ်အတွင်းရှိ ပျူစောထီးအဖွဲ့ဝင် စာရင်းများ၊ မဘသအဖွဲ့ဝင် စာရင်းများ၊ အခြား အရေး ကြီး အချက်အလက် စာရွက်စာတမ်းများ၊ ဓါတ်ပုံမှတ်တမ်းများအပြင် တူမီးသေနတ်များ၊ ဓားနှင့် စစ်ရေးသုံး ပစ္စည်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု LLPDF အဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် ဖေါ်ပြထားသည်။

ထိုနေ့ ည ၈ နာရီခန့်တွင် စစ်ဆင်ရေးလုပ်ပြီးနောက် ည ၁၀ နာရီ အချိန်ခန့်တွင် မိုင်းပေါက်ကွဲ သံများနှင့် အတူ သေနတ်ပစ်ဖောက်သံများ ကြားရပြီးနောက် PDF တပ်ဖွဲ့များလည်း ပြန်လည် ထွက်ခွာသွားသည် ဟု ရွာသားများ က ပြောသည်။

လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF အနေဖြင့် အခါအားလျော်စွာ ထုတ်ပြန်ပေးမည့် မေတ္တာ ရပ်ခံချက်များ၊ အသိပေးချက်များကို ပြည်သူများမှ တိတိကျကျ လိုက်နာခြင်းဖြင့် ပူးပေါင်း ပါဝင်ကြပါရန်လည်း LLPDF အဖွဲ့က ပြောဆိုထားသည်။

LLPDF အဖွဲ့အနေဖြင့် စစ်ကောင်စီတပ်ဖွဲ့နှင့် စစ်တပ်၏ ထောက်တိုင် အဖွဲ့အစည်းများကို ဆက်လက် တိုက်ခိုက် သွားမည် ဖြစ်သည့်အတွက် စစ်ရေးသတိ အမြဲရှိကြရန်လည်း ထုတ်ပြန်ချက်အတွင်း တိုက်တွန်း ရေးသားထား သည်။