မွန်ပြည်နယ်တွင် အကျဉ်းသား ၄၁၂ ဦးလွတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၅ ရက်။

မွန်ပြည်နယ်အတွင်းရှိ အကျဥ်းထောင်အသီးသီးမှ အကျဥ်းသူ/သား ၄၁၂ ဦး လွတ်မြောက်လာသည်ဟု အကျဥ်း ဦးစီးက ထုတ်ပြန်လိုက်သည့် စာရင်းများအရ သိရသည်။

မွန်ပြည်နယ်အတွင်း လွတ်မြောက်လာသူများထဲတွင် အကျဉ်းသူ အမျိုးသမီး ၈၅ ဦး နှင့် အကျဉ်းသား ၃၂၇ ဦး ပါဝင်သည်။

ပြန်လွတ်လာသူ ၄၁၂ ဦးတွင် ကျိုက်မရော ဗဟိုအကျဉ်းထောင်မှ ၉၆ ဦး၊ မော်လမြိုင် အကျဥ်းထောင်မှ ၆၅ ဦး၊ သထုံအကျဥ်းထောင်မှ ၁၀၄ ဦး အပါအဝင် အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား ၃၂၇ ဦး၊ အကျဉ်းသူ ၈၅ ဦး ပါဝင်သည်ဟု အကျဥ်းဦးစီးဌာနက၏ စာရင်းတွင် ဖော်ပြထားသည်။

မွန်ပြည်နယ်အတွင်းက လွတ်မြောက်လာသည့် အကျဥ်းသူ/သားများတွင် နိုင်ငံရေးအကျဥ်းသားများ ပါ မပါ ကိုမူ အတည်ပြုနိုင်ခြင်းမရှိသေးပေ။

မွန်ပြည်နယ်အတွင်း နိုင်ငံရေးအကျဥ်သားများနှင့် နီးစပ်သူတစ်ဦးက “နိုင်ငံရေးအကျဥ်းသားတွေ ပါလား မပါ လား ဘယ်လောက်ပါလဲဆိုတာ မသိသေးဘူး။ ပါခဲ့ရင်လည်း မများဘူးလို့ ထင်တယ်၊ ခိုးမှု မူးယစ်မှုနဲ့ပဲ များ တယ်” ဟု ပြောသည်။

ဇန္နဝါရီ ၄ ရက်နေ့တွင် ကျရောက်သည့် ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေဖြင့် စစ် ကောင်စီက မြန်မာတနိုင်ငံလုံးရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးရှိ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသူ အကျဉ်းသား စုစုပေါင်း ၇၀၁၂ ဦးအား ပြစ်ဒဏ်များ လျှော့ပေါ့ပြီး လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

လွတ်မြောက်လာသူများ အနေဖြင့် နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခု ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်ဆိုသည့် စည်းကမ်းသတ်မှတ်ချက်ဖြင့် စစ်ကောင်စီက ပြန် လွှတ်ပေးခဲ့ခြင်း ဖြစ်သည်ဟု နိုင်ငံတဝှမ်း လွတ်မြောက်လာသူများက အတည်ပြုပြောသည်။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ထုတ်ပြန်ချက်အရ စစ်တပ်က အာဏာ စတင်သိမ်းချိန်မှ ၂၀၂၃ ခုနှစ် ဇန္နဝါရီလ ၃ ရက်နေ့အထိ ဖမ်းဆီးခံရသူ ၁၃၃၀၀ ကျော်ရှိပြီး ပြန်လည် လွတ် မြောက်လာသူ စုစုပေါင်း ၃၄၆၀ ကျော်ရှိသည်ဟု သိရသည်။