နှစ်ဦးရက်များ အတွင်း မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် မြိတ်ခရိုင်တွင် စစ်ကောင်စီ ၅ ဦးသေ

သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၅ ရက်။

စစ်ကောင်စီယာဉ်တန်းများကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ က ယခုနှစ်သစ်အစပိုင်း ရက်များ အတွင်း ၃ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ၅ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသွားသူများလည်း ရှိခဲ့သည်ဟု မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ထားသည်။

ပုလောမှ မြိတ်သို့ မောင်းနှင်လာသည့် ကား ၁၀ စီးပါ စစ်ကောင် စီ ယာဉ်တန်းကို ပုလောမြို့နယ် ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF၊ အရိပ်ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်း ကာ မိုင်း ၄ လုံး အသုံးပြု၍ ဇန္နဝါရီလ ၂ ရက်နေ့၊ မွန်းလွဲ ၂ နာရီ အချိန်ခန့်က ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များဘက်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း PDF ပူးပေါင်းတပ်ဖွဲ့ဝင်များဘက်က ထိခိုက်မှုမရှိပဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး ထိခိုက်သေဆုံးသူ များပြားခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အသေးစိတ်စာရင်းကိုသိရှိနိုင်ရန် စုံစမ်းနေဆဲ ဖြစ်သည်ဟု KPDF မှထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ မြိတ်ခရိုင် ပုလောမြို့နယ် တပိုကျေးရွာအနီးတွင်လည်း ဇန္နဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းတွင် ဆီ ဘောက်ဆာကား ၁ စီးနှင့်အတူ လုံခြုံရေးလိုက်ပါလာသည့် စစ်ကား ၃ စီးပါ ယာဉ်တန်းမှာ ပုလောမြို့မှ မြိတ်မြို့ ဘက်သို့ မောင်းနှင်လာစဉ် ကဒဲကျေးရွာအနီးတွင် မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း (၁) နှင့် ပူးပေါင်းတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

တိုက်ပွဲအတွင်းပါဝင်ခဲ့သူ PDF တပ်ဖွဲ့ဝင်တစ်ဦး က “သူတို့က လမ်းကင်း အရင်ယူတာ။ ပြီးမှ ကားတွေ ဖြတ် မောင်းတဲ့ အချိန်ကိုစောင့်ပြီး မိုင်းခွဲလိုက်တာပါ။ ကားတစ်စီး ထိမှန်ပျက်စီးသွားတယ်။ လမ်းကင်းယူထားတဲ့ အဖွဲ့ က ပြန်ပစ်ခတ်သေးတာ။ PDF အဖွဲ့က စနိုက်ပါနဲ့ ပြန်ပစ်လိုက်တာ စစ်သား ၃ ယောက်သေသွားတယ်” ဟု ပြောသည်။

ထို့အပြင် ဇန္နဝါရီလ ၁ ရက်နေ့၊ နေ့လည် ၁ နာရီ အချိန်ခန့်တွင်လည်း ပုလော မှ ထားဝယ်ဘက်သို့ မောင်းနှင်လာ သည့် ကား ၁၁ စီးပါ စစ်ကောင်စီယာဉ်တန်းကို နန်းပရုပ်ကျေးရွာ အနီးတွင် နောက်ထပ်တစ်ကြိမ် မိုင်းဆွဲ တိုက် ခိုက်ခဲ့သေးသည်ဟု ၎င်း PDF တပ်ဖွဲ့ဝင်က ဆိုသည်။

ယင်းတိုက်ခိုက်မှုအတွင်းလည်း စစ်ကောင်စီကား ၂ စီး ပျက်စီးပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရ သွားသူ အများအပြားလည်း ရှိခဲ့သည်ဟု PDF အဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် ဖေါ်ပြထားသည်။

ပြီးခဲ့သည့် နှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့၊ ည ၇ နာရီ အချိန်ခန့်ကလည်း မြိတ် – ပုလောသွား ပြည်ထောင်စု လမ်းမ ကြီးပေါ်ရှိ မင်းထိန်နှင့် ပဝတ်ကုန်းကျေးရွာအကြား လမ်းပိုင်းတစ်နေရာတွင် အရပ်သား နေအိမ်များကို မီးရှို့ ဖျက်ဆီး ပြီး ပြန်လာကြသည့် ကား ၁၀ စီးပါ စစ်ကောင်စီ ယာဉ်တန်းကို KPDF နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တို့ က ပဒေသာမိုင်း ၅ လုံး အသုံးပြုကာ ဖောက်ခွဲတိုက်ခိုက်ခဲ့သေးသည်။

ထိုတိုက်ခိုက်ခံရမှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများ ရှိခဲ့သေး သည်ဟု PDF ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူများက ဆိုသည်။