စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်မှု လွိုင်ကော်တွင် အရပ်သား ၁ ဦးသေ၊ ၃ ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၅ ရက်။

ကယား (ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ရမ်းသန်းပစ်ခတ် မှုကြောင့် တစ်ရက်အတွင်း အရပ်သား ၃ ဦး ဒဏ်ရာရ၊ တစ်ဦး သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။

လွိုင်ကော်မြို့နယ်၊ လွယ်ထဲကျေးရွာထဲ လက်နက်ကြီးကျည် ရရောက်မှုကြောင့် အမျိုးသမီးတစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရ နှင့် ဒေါမူကလားကျေးရွာထဲတွင် အမျိုးသားနှစ်ဦး ထိမှန်ဒဏ်ရာ ရရှိခဲ့သည်။

လွိုင်ကော်မြို့နယ်၊ ချိကယ်ကျေးရွာအုပ်စု အနောက်ဖက်ခြမ်း၊ ဒေါမူကလားကျေးရွာအတွင်းသို့ ဇန္နဝါရီလ ၃ ရက် နေ့၊ နံနက်ပိုင်း ၁၁ နာရီ အချိန်ခန့်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုအတွင်း အရပ် သား ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။

အသက် ၄၀ အရွယ် ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက “တိုက်ပွဲတော့ မဖြစ်ဘူး။ ရမ်းပစ်တာပေါ့။ ၄ လုံး ပစ်တယ်။ တစ်လုံးက ရွာထဲကျတယ်။ ကျန်တဲ့ ၃ လုံးက ရွာ အကျော်လောက်မှာ ကျတယ်။ ထိသွားတဲ့ လူတစ် ယောက်က အိမ်ခေါင်မိုးအပေါ် ကျတယ်ပေါ့” ဟု ပြောသည်။

အဆိုပါ လက်နက်ကြီးကျည်ကြောင့် ဒေါမူကလားကျေးရွာတွင် နေထိုင်သည့် အသက် ၆၅ နှစ်အရွယ် ဦးဦးရယ် မှာ ညာဘက်ခြေသလုံး ယမ်းစထိမှန်သည့် ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် လက်နက်ကြီးတစ်လုံးမှာ ဦးဦးရယ်၏နေအိမ် ခြံဝင်းထဲရှိ ခေါင်မိုး တည့်တည့်ပေါ် လက်နက်ကြီးကျည် ကျရောက်ခဲ့ကြောင့် ခေါင်းမိုးပွင့်ထွက်ပြီး အတွင်းပစ္စည်းအချို့နှင့် နံရံများ ပျက်စီးသွားသည်ဟု ကူညီဆောင်ရွက် ပေးနေသူများက ပြောသည်။

လက်နက်ကြီးထိမှန်သူ ဦးဦးရယ်အား ကူညီဆောင်ရွက်ပေးနေသူများက အချိန်မှီ လွိုင်ကော်ဆေးရုံသို့ ပို့ဆောင် ပေးနိုင်ခဲ့ပြီး လက်ရှိတွင် လူနာအခြေအနေမှာ သွေးထွက်လွန်ခြင်း မရှိတော့သည့်အတွက် အသက် အန္တရာယ် စိုးရိမ်စရာ မရှိတော့ဘူးဟု ကူညီနေသူ တစ်ဦးက ပြောသည်။

အလားတူ လက်နက်ကြီးထိမှန်သည့် နောက်ထပ် အရပ်သားတစ်ဦး၏ အခြေအနေအား မေးမြန်းရာတွင်လည်း “နောက် တစ်ယောက်ကတော့ ကျနော်တို့က မမှီလိုက်ဘူး။ အိမ်က ကားနဲ့ပဲ ဆေးရုံကို တန်းသွားလိုက်တာ“ ဟု ဒေသခံ တစ်ဦး က ဆက် ပြောသည်။

အလားတူ ဇန္နဝါရီလ ၃ ရက်နေ့၊ ညနေ ၅ နာရီ ဝန်းကျင် အချိန်ခန့်တွင်လည်း လွိုင်ကော်မြို့နယ်၊ လွယ်ထွဲကျေး ရွာ အတွင်းသို့ တိုက်ပွဲ ဖြစ်ပွားမှု တစ်စုံတစ်ရာ မဖြစ်ဘဲ စစ်ကောင်စီက လက်နက်ကြီးနှင့် ၃ ကြိမ်တိတိ ရမ်းသန်းပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထိုသို့ ပစ်ခတ်မှုကြောင့် အသက် ၂၈ နှစ်အရွယ် မအေးကြည် ညာဘက်လက် လက်နက်ကြီး ယမ်းစ ထိမှန်ကာ တံတောင်ဆစ်အောက် ဖြောင်ထွက်သည့် ဒဏ်ရာရခဲ့ကာအသက် ၃၆ နှစ်အရွယ် ဒေါ်မရေးမှာ ဦးခေါင်း၊ နံကြား နှင့် ခါးလယ်တစ်ဝိုက် လက်နက်ကြီးထိမှန်မှုကြောင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု ကူညီဆောင်ရွက် ပေးနေသူများ က ပြောသည်။

ဇန္နဝါရီလ ၃ ရက်နေ့အတွင်း ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များမှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီက လက်နက်ကြီး ရမ်းသန်းပစ်ခတ်ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် ဒေါမူကလားကျေးရွာနှင့် လွယ်ထွဲကျေးရွာအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ခြင်းမှာ ပထမ ဆုံး အကြိမ်ဖြစ်ပြီး ရွာခံများမှာ စိုးရိမ်ကြောက်ရွံ့နေကြသော်လည်း ငွေရေးကြေးရေး အခက်အခဲကြောင့် ဘေးလွတ်ရာကို ရှောင်နိုင်မည့် အခြေအနေပင် မရှိဘူးဟု ဒေသခံများက ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့က စပြီး ဇန္နဝါရီလ ၄ ရက်နေ့အထိ တစ်လကျော် ကာလအတွင်း ကရင်နီပြည်နယ်ထဲတွင် စစ်ကောင်စီက လက်နက်ကြီနှင့် ရမ်းသန်းပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦးသေဆုံးခဲ့ပြီး ၄ ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည်ဟု ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။