ပုသိမ်ထောင်မှ သတင်းထောက် ၂ ဦးလွတ်မြောက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၅ ရက်။

ဧရာ၀တီတိုင်း၊ ပုသိမ် အကျဉ်းထောင်က လွတ်မြောက်လာသည့် နိုင်ကျဉ်း ၃၈ ဦးထဲတွင် သတင်းထောက် ၂ ဦး ပါဝင်သည်ဟု ဒေသခံများ၊ အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူများက ပြောသည်။

ပုသိမ်အကျဉ်းထောင်က ဇန္နဝါရီလ ၄ ရက်နေ့ လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက် လာသူများအနက် ပုသိမ်ခရိုင် အတွင်းက နိုင်ငံရေး အကျဉ်းသား ၃၈ ဦးတွင် ပုသိမ်မြို့ခံ သတင်းထောက် ၂ ဦးပါဝင်သည်ဟု ဒေသခံများက ပြောသည်။

“လွှတ်ပေးတဲ့ နိုင်ကျဉ်းအားလုံးက ၅၀၅ နဲ့ ထောင် ၂ နှစ်စီ ကျနေသူတွေပါ။ လွတ်ခါနီး လပိုင်း ရက်ပိုင်းပဲ လိုတဲ့ သူတွေပါ။ တခြား နိုင်ငံရေး ပုဒ်မနဲ့ သူတွေကတော့ ကျန်ခဲ့တယ်” ဟု လွတ်မြောက်လာသူ တစ်ဦးက ပြောသည်။

လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသား ၃၈ ဦးတွင် အမျိုးသမီး ၈ ဦး နှင့် အမျိုးသား အယောက် ၃၀ ပါဝင် ပြီး ပုသိမ်မြိုခံ သတင်းထောက်များ ဖြစ်ကြသည့် ကိုမျိုးမင်းထွန်း နှင့် မရွှေရည်ဝင်း တို့လည်း ပါဝင်သည်ဟု အကျဉ်းဦးစီးနှင့် နီးစပ်သူက ပြောသည်။

မြစ်မခ သတင်းဌာနမှ အကြီးတန်း သတင်းထောက်လည်း ဖြစ်၊ ဧရာ၀တီတိုင်း သတင်းဌာနက အယ်ဒီတာတစ်ဦး ဖြစ်သူ ကိုမျိုးမင်းထွန်းနှင့် တိုင်းဧရာ သတင်းဌာနနှင့် SKYNET သတင်းဌာနတို့က ရုပ်သံ သတင်းထောက် တစ်ဦး ဖြစ်သူ မရွှေရည်ဝင်း တို့ ပြန်လွတ်လာခြင်း ဖြစ်သည်။

ယခု လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသား အမျိုးသား အမျိုးသမီး စုစုပေါင်း ၃၈ ဦး မှာ ပုသိမ်ခရိုင် ၇ မြို့နယ် အတွင်းရှိ ပုသိမ်၊ ကျုံပျော်၊ ငွေဆောင်၊ ငပုတော၊ ရေကြည် စသည့် မြို့နယ်များက ဖြစ်သည်။

၎င်းတို့အား စစ်ကောင်စီကို ဆန့်ကျင်သူများ အဖြစ် စစ်တပ်က ပုဒ်မ ၅၀၅ ဖြင့် ဖမ်းဆီး တရားစွဲဆိုကာ မြို့နယ် အသီးသီးရှိ ထောင်တွင်း တရားရုံးမှာပင် အမိန့်ချခံရသူများ ဖြစ်သည်ဟု အကျဉ်းဦးစီးနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

လက်ရှိတွင် ပုသိမ်ထောင်အတွင်း၌ အခြားထောင်များမှ ပြောင်းလာသည့် ထောင်ဒဏ် ၁၀ နှစ် နှင့် အထက် နိုင်ငံ ရေး အကျဉ်းသားများ မပါဘဲ ပုသိမ်ခရိုင် အတွင်းက အမျိုးသမီး နိုင်ငံရေး အကျဉ်းသား ၅၉ ဦးလည်း ပါဝင်သည်။

အဆိုပါ အမျိုးသမီး နိုင်ငံရေး အကျဉ်သား ၅၉ ဦး အပါအဝင် နိုင်ငံရေး အကျဉ်းသူ/သား စုစုပေါင်း ၄၉၉ ဦး ကျန်ရှိနေသည်ဟု အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူများက ပြောသည်။

အကျဉ်းဦးစီးဌာန နှင့် နီးစပ်သူ တစ်ဦး က “တချို့တွေက လွတ်ရက်က စေ့နေပြီ နောက်မှု ထပ်တိုးတာတွေ အမှု ကျန် အမိန့် မချရသေးတာတွေကြောင့် ထောင်ထဲမှာ ကျန်ခဲ့ရတယ်” ဟု ပြောသည်။

အခြားပြစ်မှုဖြင့် လွတ်လာသူများတွင်လည်း အမှုကြီးသမားများ မပါဝင်ပဲ လွတ်ရန် ရက်ပိုင်းခန့်သာ ရှိသည့် မူးယစ်ရမ်းကားမှုနှင့် ထောင်ကျခံနေရသူများ၊ ဧည့်စာရင်းမတိုင် သဖြင့် ထောင်ကျနေသူများ နှင့် ညဖက် ၁၂ နာရီ နောက်ပိုင်း အပြင်ထွက်သဖြင့် အဖမ်းခံရပြီး ထောင်ချခံရသည့် သူများလည်း ပါဝင်သည်ဟု ၎င်း က ဆက် ပြော သည်။

ပုသိမ်ထောင်တွင်းကနေ ဇန္နဝါရီလ ၄ ရက်နေ့ လွပ်လပ်ရေးနေ့ လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်သူလာသူ နိုင်ငံ ရေး အကျဉ်းသား ၃၈ ဦး နှင့် အခြားပြစ်မှု အကျဉ်းသား ၂၆၁ ဦး စုစုပေါင်း ၂၉၉ ဦး လွတ်မြောက်ခဲ့ခြင်း ဖြစ် သည်။