ခရီးသည်တင်ကားပေါ်မှ စစ်သားတစ်ဦးကို ပုလောPDF ဖမ်းဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၅ ရက်။

ခရီးသည်တင် ကားပေါ် တွင် လိုက်ပါလာသည့် စစ်ကောင်စီ တပ်သားတစ်ဦးကို ပုလော ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PRDF က ဖမ်းဆီးလိုက်သည်။

အရပ်ဝတ်ဖြင့် ခရီးသည်တင် မှန်လုံကားတစ်စီးပေါ် တွင် စီးနင်းလိုက်ပါလာသည့် စစ်ကောင်စီ တပ်သား တစ်ဦး ကို ဖမ်းဆီးရမိခဲ့သည်ဟု ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PRDF က ဇန္နဝါရီလ ၄ ရက်နေ့၊ မွန်းလွဲပိုင်းတွင် သတင်း ထုတ်ပြန်ထားသည်။

“သူ့ကို မျက်နှာ အမူအယာပျက်နေတာရယ်၊ ဆံပင်ပုံစံရယ်ကြောင့် မသင်္ကာလို့ စစ်ဆေးလိုက်တာပါ။ သူက လည်း စစ်သားဆိုတာ ဝန်ခံပါတယ်။ သူ့ပစ္စည်းတွေကို စစ်ဆေးကြည့်တာ ဖုန်းတစ်လုံးနဲ့ ငွေကျပ် နှစ်သောင်း တွေ့ ရပါတယ်။ လောလောဆယ် လုံခြုံတဲ့ နေရာမှာပဲ ထိန်းသိမ်းထားပါတယ်” ဟု PRDFတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦး က ပြောသည်။

ဖမ်းဆီးခံရသူမှာ တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာ အခြေစိုက် ခမရ ၅၅၆ တပ်ရင်းမှ အသက် ၁၉ နှစ်အရွယ် တပ်သား အောင်အောင် ဆိုသူ ဖြစ်သည်ဟု PRDF ၏ ထုတ်ပြန်ချက်ထဲတွင် ဖေါ်ပြ ထား သည်။

စစ်ကောင်စီ တပ်သား အောင်အောင် ဆိုသူကို ဇန္နဝါရီလ ၂ ရက်နေ့၊ ညနေ ၄ နာရီခွဲ အချိန်ခန့်က မြိတ် – ထားဝယ် ကားလမ်းပေါ် သွားလာလျက်ရှိသည့် ကားများကို ပုလောမြို့နယ် သင်္ကန်းတောကျေးရွာအနီးတွင် PRDF တပ်ဖွဲ့ က တားဆီးစစ်ဆေးရာမှ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင်လည်း ဆီအုန်းသီးများ တင်ဆောင်ထားသည့် ခရီးသည် တင် ကားနှင့် လိုက်ပါလာသော ကော့သောင်းအကျဉ်းထောင်၊ အကျဉ်းဦးစီးမှူးကို ပုလောမြို့နယ် ကဒဲကျေးရွာအနီး
တွင် PRDF တပ်ဖွဲ့နှင့် မဟာမိတ်တပ်တပ်ပေါင်းစုတို့က ဖမ်းဆီးခဲ့ပါသေးသည်။