ပြည်နှင့် ပေါင်းတည်ထောင်မှ နိုင်ငံရေး အကျဉ်းသား ၁၉ ဦးအပါအဝင် ၁၈၉ ဦး လွတ်၊

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၅ ရက်။

ပြည်ခရိုင်အတွင်းရှိ အကျဉ်းထောင် ၂ ခုမှ အကျဉ်းသား အကျဉ်း သူ ၁၈၉ ဦး လွတ်မြောက်လာသည်ဟု အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူများက ပြောသည်။

ပြည်ခရိုင်၊ ပြည်မြို့အကျဉ်းထောင်နှင့် ပေါင်းတည်အကျဉ်းထောင်တို့မှ နိုင်ငံရေး အကျဉ်းသူများ အပါအဝင် အကျဉ်းသူ/သား စုစုပေါင်း ၁၈၉ ဦး ကို လွတ်ငြိမ်းသက်သာခွင့်နှင့် လွတ်ပေးလိုက်ခြင်းဖြစ်သည်ဟု နီးစပ်သူများ က ပြောသည်။

ပြည်အကျဉ်းထောင်မှ အလင်းမြေ သတင်းဌာ၏ သတင်းထောက် မောင်ကောင်း (ခ) ကိုရဲထွန်းဦး အပါအဝင် ပုဒ်မ ၅၀၅-က ဖြင့် ထောင်ဒဏ် ချမှတ်ခံထားရသူ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၁၉ ဦး လွတ်မြောက် လာသည် အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူများက ပြောသည်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ မဇင်မာဝင်း၊ ကိုအောင်ချိုဦး၊ မိုးမေတ္တာ ပရဟိတအသင်းက ကိုထွန်းမင်းမြတ်နှင့် ပြည်မြို့နယ် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုနေမျိုး ဆိုသူတို့လည်း လွတ်မြောက် လာသည်ဟု နီးစပ်သူများက ပြောသည်။

ပြည်မြို့ အကျဉ်းထောင်မှ အမျိုးသမီး အကျဉ်းသူ ၉ ဦး အပါအဝင် အမျိုးသား အယောက် ၉၀ ခန့် လွတ်လာ သည်ဟု ပြည်မြို့အကျဉ်းထောင်က ဝန်ထမ်းတစ်ဦး က ပြောသည်။

ပြည်မြို့အကျဉ်းထောင်က ဝန်ထမ်းတစ်ဦး က “လွတ်မှာတော့ သေချာတယ်။ ၅၀၅-က တွေပါတယ်။ ဘယ်သူ တွေဆိုတာတော့ မသိဘူး“ ဟု ပြောသည်။

ပေါင်းတည်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၉ ဦး သည်လည်း လွတ်ငြိမ်းသက်သာဖြင့် ပြန်လည် လွတ် မြောက်လာသည်ဟု ပြည်မြို့ နိုင်ငံရေးအသိုင်းအဝန်းထံမှ သိရသည်။

အကျဉ်းထောင်မှ လွတ်ပေးမည့် နာမည်စာရင်းကို ဇန္နဝါရီလ ၃ ရက်နေ့ ညကတည်းက ကြားသိထားသူ အချို့ သည် နံနက်ပိုင်း မိုးလင်းဝေလီဝေလင်း အချိန်ကတည်းကပင် သွားရောက် စောင့်ဆိုင်ခဲ့ကြရာ မွန်းလွဲပိုင်းမှသာ အကျဉ်းသူ/သားများကို ပြန်လွတ်ပေးခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင်း တနိုင်ငံလုံး အတိုင်းအတာ အနေဖြင့် အကျဉ်းသူ/သား စုစုပေါင်း ၇၀၁၂ ဦး ကို လွတ်ငြိမ်းသက် သာနှင့် ပြန်လွှတ်ပေးခဲ့သည်ဟုလည်း စစ်ကောင်စီက သတင်း ထုတ်ပြန်ထားသည်။