KNC ဥက္ကဌ M ကောန်လ လွတ်မြောက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၅ ရက်။

ထောင်ဒဏ် (၂) နှစ်ချမှတ်ခံထားရသည့် ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC) ဥက္ကဋ္ဌ ဒေါက်တာ အမ်ကောန်လ လွတ်လပ်ရေးနေ့တွင် မြစ်ကြီးနားအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့ သည်ဟု ပါတီတာဝန်ရှိသူက ပြောသည်။

ဇန္နဝါရီလ ၄ ရက်နေ့ မွန်းလွှဲ ၁ နာရီ အချိန်ခန့်တွင် လွတ်မြောက်ခြင်း ဖြစ်သည်ဟု ပြောသည်။ မြစ်ကြီးနား အကျဉ်းထောင်မှ လွတ်ငြိမ်းသက်သာခွင့်နှင့် ပြန်လွတ်လာသူ အကျဉ်းသူ/သား ၁၀၀ ကျော်ရှိသည့်အနက် ဒေါက်တာ M ကောန်လ အပါအဝင် နိုင်ငံရေးအကျဉ်းသား ၅ ဦး ပါဝင်သည်ဟု အကျဉ်းဦးစီးနှင့် နီးစပ်သူများက ပြောသည်။

KNC ပါတီ တာဝန်ရှိသူ တစ်ဦးက “ဒီနေ့ (ဇန္နဝါရီလ ၄ ရက်နေ့) နေ့လည် တစ်နာရီလောက်မှာ ပြန်လွတ်လာပါ ပြီ ခင်ဗျ။ အဓိကကတော့ လွတ်ငြိမ်း ချမ်းသာခွင့်ဆိုတဲ့နေရာမှာ နည်းနည်း မှီတည်ရာတော့ ရှိတာပေါ့နော်။ ဒါ ပေမယ့် ကျနော်တို့ ဥက္ကဋ္ဌက ချမှတ် ခံထားရတဲ့ ပုဒ်မကနေ လွတ်မြောက်ဖို့က အချိန်သိပ်မကျန်တော့ဘူးလေ။ ဒါပေမယ့် အခုကတော့ ဘာပဲဖြစ်ဖြစ် လွတ်ငြိမ်းချမ်းသာခွင့်အနေနဲ့ ဆိုသော်လည်း ကျနော်တို့ရဲ့ သဘောထား မှာတော့ နှစ်လကျော်ကျန်သေးတဲ့ နေရာ မှာ လွတ်ငြိမ်းချမ်းသာမှုရယ်လို့ မဟုတ်ဘူး။ လိုအပ်လို့ လွတ်မြောက် ခဲ့တယ်လို့ပဲပေါ့” ဟု ပြောသည်။

စစ်ကောင်စီ၏ လွတ်လပ်ရေးနေ့ လွတ်ငြိမ်းသက်သာခွင့်နှင့် ပြန်လွတ်ပေးလိုက်သူ အကျဉ်းသူ/သား ၇၀၀၀ ကျော်ထဲတွင် ဒေါက်တာ M ကောန်လ လည်း ပါဝင်လာခြင်း ဖြစ်သည်ဟု KNC ပါတီ တာဝန်ရှိသူ က ပြော သည်။

“ခံဝန်ချက်ဆိုတာက ကျနော်တို့ ၂၄ နာရီပေါ့နော် ကျနော်တို့ကို အချုပ်မှာ ချုပ်ထားရင်တောင်မှ ခံဝန်လက်မှတ် ထိုးပြီးမှပဲ လွတ်မြောက်ပေးတာရှိတယ်။ အဲ့ဒါကြောင့် ခံဝန်ချက်အနေနဲ့ ထိုးခဲ့တဲ့ဥစ္စာတော့ ရှိခဲ့မှာပဲလို့ ကျနော် မြင်ပါတယ်။ ကျနော်တို့ ဥက္ကဋ္ဌ လွတ်မြောက်လာတဲ့အပေါ် ကျနော်တို့အားလုံး KNC အဖွဲ့သားတွေတင်မက ကချင်အမျိုးသား တစ်ရပ်လုံး လူထုကပါ ဝမ်းသာသာနဲ့ ကြိုဆိုနေကြပါတယ်လို့။ ဥက္ကဋ္ဌရဲ့ ကျန်းမာရေးက လည်း ဒေါင်ဒေါင်မြည်ပါပဲ။”

KNC ပါတီ ဥက္ကဋ္ဌ ဒေါက်တာ M ကောန်လ ကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့တွင် နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅-က နဲ့ နေပြည်တော်ကနေ ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်ပြီးနောက် မြစ်ကြီးနားမြို့မှာ လည်း အဆိုပါ အမှုနှင့် ထပ်မံ တရားစွဲဆိုခံခဲ့ရသူ ဖြစ်သည်။

၂၀၂၂ ခုနှစ် မတ်လ ၉ ရက်နေ့က မြစ်ကြီးနား အကျည်းထောင်ကို ရောက်လာသည့် ဒေါက်တာ M ကောန်လကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုဗိုလ်မှူးသန်းထိုက်က ပုဒ်မ ၅၀၅-က နှင့် ထပ်မံတရားစွဲဆိုခဲ့သော်လည်း ၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့တွင် အမှုမှ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။

ဓါတ်ပုံ – NawngLatt JangMaw