မြောင်းမြ အကျဉ်းထောင်မှ သတင်းထောက် ၂ ဦး အပါအဝင် နိုင်ကျဉ်း ၂၆ ဦး လွတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၅ ရက်။

လွတ်ငြိမ်းခွင့်ဖြင့် လွတ်သည့် မြောင်းမြအကျဉ်းထောင်က အကျဉ်းသူ/သားများထဲတွင် သတင်းထောက် ၂ဦး အပါအဝင် နိုင်ကျဉ်း ၂၆ ဦး ပါဝင်သည်ဟု ဒေသခံ သတင်းအရင်းအမြစ်များက ပြောသည်။

ဧရာ၀တီတိုင်း မြောင်းမြ အကျဉ်းထောင်က ဇန္နဝါရီလ ၄ ရက်နေ့က လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်လာသူများ အနက် မြောင်းမြခရိုင် အတွင်းက နိုင်ငံရေး အကျဉ်းသား ၂၆ ဦး တွင် မြောင်းမြမြို့ခံ သတင်းထောက် ၂ ဦး ပါဝင် သည်။

မြောင်းမြမြို့ အခြေစိုက် နေပြည်တော်တိုင်း သတင်းဌာနက သတင်းထောက်လည်းဖြစ် မြောင်းမြမြို့ခံ ကဗျာ ဆရာလည်း ဖြစ်သည့် ဦးမောင်မောင် (ခေါ်) ကိုရဝေအောင် နှင့် မြောင်းမြမြို့ခံ မှုခင်းသတင်းထောက် ဦးလှမျိုး (ခေါ်) ရာဇာကြီးတို့ လွတ်မြောက်လာခြင်း ဖြစ်သည်။

ဒေသခံ နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးက “အိမ်မဲ မြောင်းမြ ဝါးခယ်မ လပွတ္တာ မြို့နယ်ထဲ မြောင်းမြ ထောင်မှာ ကျနေတဲ့ နိုင်ကျဉ်းတွေ လွတ်တာပါ။ လွတ်ဖို့ရက်က သိပ်မလိုတော့တဲ့ ၅၀၅ သမားတွေပါ။ နိုင်ကျဉ်း အမျိုးသမီး ၃ ဦး လည်းပါတယ်” ဟု ပြောသည်။

လွတ်မြောက်လာသူ နိုင်ငံရေး အကျဉ်းသူ/သားများထဲတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြသူ အများစု ပါဝင်ပြီး ပုဒ်မ-၅၀၅ ဖြင့် ထောင်ဒဏ် ၂ နှစ် နှင့် ၂ နှစ်အောက် ကျခံ နေရသူများ ဖြစ်ခြင်းကြောင့် လွတ်မြောက်ဖို့ လပိုင်း/ ရက်ပိုင်းသာ လိုတော့သူများ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

အကျဉ်းဦးစီးဌာန နှင့် နီးစပ်သူ တစ်ဦးက “မြောင်းမြခရိုင်ထဲက အိမ်မဲ ဝါးခယ်မ လပွတ္တာမြို့နယ်ဘက်က လွတ် တဲ့ သူတွေကို ထောင်ဗူးဝကနေ တခါတည်း ကားပေါ်တင်ပြီး အကျဉ်းဦးစီးဌာနက သက်ဆိုင်ရာ ဒေသကိုပို့ ပေး တယ်” ဟု ပြောသည်။

မြောင်းမြအကျဉ်းထောင်က လွတ်မြောက်လာသူများမှာ နိုင်ငံရေး အကျဉ်းသား အမျိုးသား အမျိုးသမီး ၂၆ ဦး နှင့် အခြား ပြစ်မှုဆိုင်ရာ အကျဉ်းသား အမျိုးသမီး၊ အမျိုးသား ၁၄၀ လည်း ပါဝင်သည်။

ထို့ကြောင့် ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် လွတ်လာသူ စုစုပေါင်းမှာ ၁၆၆ ဦး ဖြစ်သည် ဟု အကျဉ်းဦးစီး ဌာနှင့် နီးစပ်သူများက ပြောသည်။